မော်လမြိုင် ကျောက်မီးသွေးရုံမီးပွိုင့်အနီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး သေဆုံး

မော်လမြိုင် ကျောက်မီးသွေးရုံမီးပွိုင့်အနီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး သေဆုံး
by -
စိုင်းထွန်းစံ (MNA)

မော်လမြိုင် မောင်ငံရပ်ကွက် ကျောက်မီးသွေးရုံမီးပွိုင့်အနီးတွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များ၏ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပွဲချင်းပြီးသေဆုံးမှု ဇွန် ၂၀ ရက် ညပိုင်းအချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘီလူးကျွန်း-ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာသား ကိုမိုးဇော်ဦးနှင့် ကိုဇော်မင်းဦးတို့နှစ်ဦး အဆိုပါနေ့ ည ၈ နာရီအချိန်ခန့်က ရွာသို့ မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာစဉ် ကျောက်မီးသွေးရုံမီးပွိုင့်အနီး ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ပေါ်မှ လူမှုကယ်ဆယ်ရေးအသင်းဝင်တစ်ဦးက ပြောသည်။

“မီးပွိုင့်ထိပ်မှာ ဆိုင်ကယ်တွေကိုတားစစ်တာ။ ဆိုင်ကယ်က ရပ်မပေးလို့ သေနတ်နဲ့ပစ်ထည့်လိုက်တာလို့ ပြောကြတယ်။ အလောင်းကို လမ်းမအလယ်မှာ ပစ်ထားတာ။ ကျွန်တော်တို့ ပရဟိတအဖွဲ့က သွားကောက်တာတောင် ကားကို အသံပိတ်။ အပေါ်က မီးတန်းပဲဖွင့်ခိုင်းတယ်။ ရင်ခွဲရုံ ကို ချက်ချင်းပို့လိုက်တယ်" ဟု ၎င်းကဆိုသည်။

သေဆုံးသူလူငယ်နှစ်ဦး၏ ကြွင်းကျန်ရုပ်အလောင်းကို အဘစ်ကျေးရွာသုသာန်၌ ဇွန် ၂၁ ရက် မွန်းလွဲပိုင်းအချိန်တွင် ကာယကံရှင်မိသားစုဝင်နှင့် ရွာသားများက မြှုပ်နှံသဂြိုလ်ခဲ့သည်။

သို့ရာတွင် လူ့အသက်နှစ်ချောင်းဆုံးရှုံးရသည်အထိ ဖြစ်ပေါ်ခဲ့ရသော ယခုဖြစ်စဉ်၏ အကြောင်းပြချက်များအား စစ်ကောင်စီဖက်မှ တစုံတရာထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

မော်လမြိုင်မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ကြောင်း၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ရှစ်ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ ၃၀၀ ကျော်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...