ဖားကန့်မြို့နယ် ကားမိုင်းမြို့ နမ့်ယားကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းနှင့် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ လူငယ်တာဝန်ခံတစ်ဦးဖြစ်သည့် ကိုစိုင်းမျိုးမင်းထွန်းကို KIA က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကိုစိုင်းမျိုးမင်းထွန်းသည် ဇွန် ၁ဝ ရက်တွင် ဖားကန့်မြို့နယ်ကိုသွားခဲ့ပြီး အပြန်လမ်းတွင် KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၄၄ က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ရှမ်းနီစာယဉ်အဖွဲ့တွေနဲ့ ကချင်ရိုးရာလူကြီးတွေ မနေ့ညနေကတွေ့ပြီးတော့ သူရဲ့ရုပ်အလောင်း Dead body ကိုရဖို့ သူတို့ဘက်ကိုတောင်းဆိုတာပေါ့။ သူတို့ကတော့ ကူညီပေးမယ်တော့ပြောတယ်။ ဒါပေမယ့် အခုအချိန်မှာက တိုက်ပွဲတွေကြောင့်ရော၊ နိုင်ငံရေးအခြေအနေတွေကြောင့်ရောမို့ အခက်အခဲတွေတော့ရှိတယ်လို့ သူတို့ဘက်ပြန်ပြောတယ်” ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ဦးခင်မောင်အေးက ပြောသည်။
ကိုစိုင်းမျိုးမင်းထွန်းသည် ဇွန် ၁၀ ရက်တွင် ဖမ်းဆီးခံခဲခဲ့ရပြီး ဇွန် ၁၈ ရက်တွင် သတ်ဖြတ်ခံလိုက်ရကြောင်း KIA မှ ပုဂ္ဂိုလ်တစ်ဦးက ၎င်း၏ မိခင်ထံကို ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီက အာဏာသိမ်းပြီး သုံးလကျော်အကြာတွင် KIA နှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်ပိုင်း KIA က ကချင်ပြည်နယ်ရှိ ဌာနေပြည်သူ့စစ်စခန်းများ၊ ခေါင်းဆောင်များကို ဦးတည်တိုက်ခိုက်ခဲ့ရာ နောင်မှီပြည်သူ့စစ်ခေါင်းဆောင်လည်း သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။