စစ်ကောင်စီကဖမ်းဆီးထားသည့် အသက် (၁၅) နှစ်အရွယ် မောင်ကျော်မင်းခန့်မောင် သေဆုံးခြင်းမရှိဟု ရဲစခန်းမှူးပြောဟု ဖခင်ဖြစ်သူဆို

စစ်ကောင်စီကဖမ်းဆီးထားသည့် အသက် (၁၅) နှစ်အရွယ် မောင်ကျော်မင်းခန့်မောင် သေဆုံးခြင်းမရှိဟု ရဲစခန်းမှူးပြောဟု ဖခင်ဖြစ်သူဆို

ကလေးမြို့တွင် ဇွန် ၁၉ ရက်ညပိုင်းက အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည့် အသက် ၁၅ နှစ်အရွယ် မောင်ကျော်မင်းခန့်မောင်သည် သေဆုံးခြင်းမရှိဘဲ စစ်ကြောရေးတွင် ရှိနေဆဲဖြစ်ဟု ကလေးမြို့ရဲစခန်းမှူးကပြောဆိုကြောင်း မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။

 

"နေ့လည် ၁ နာရီလောက်က ကျွန်တော်တို့အိမ်မှာမရှိခင် ကျွန်တော်တို့အိမ်နားမှာ အရပ်ဝတ်နဲ့ အိမ်နားကလူဆီမှာ အလောင်းလာယူပေးဖို့ပြောခိုင်းလိုက်တယ်။ ကျွန်တော့်အိမ် မျက်နှာခြင်းဆိုင်အိမ်က ပြောလိုက်လို့သိရတာ။ ကျွန်တော်တို့က ညနေဘက် အလောင်းယူဖို့သွားတော့ ရဲစခန်းကနေ သေတာမဟုတ်ဘူးလို့ပြောတယ်။ သူက စစ်ကြောရေးမှာရှိတယ်လို့ပြောတယ်။ ဘယ်စစ်ကြောရေးမှာရှိသလဲဆိုတာတော့ မသိရဘူး" ဟု မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။

 

မောင်ကျောင်မင်းခန့်မောင်သည် စစ်ကောင်စီတပ်ဖွဲ့က ဇွန် ၁၉ ရက်ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ ဇွန် ၂၀ ရက်တွင် စစ်ကြောရေးစခန်းတွင် သေဆုံးသွားကြောင်း သတင်းများထွက်ပြောကာ မိမိတို့သတင်းဌာနအပါအဝင် သတင်းဌာနအတော်များများတွင်လည်း ရေးသားဖော်ပြခဲ့ကြသည်။

 

ကလေးမြို့ရဲစခန်းမှူးက မောင်ကျော်မင်းခန့်မောင် သေဆုံးခြင်းမရှိကြောင်း စစ်ကြောရေးစခန်းတွင်ရှိနေသေးကြောင်း ပြောဆိုသော်လည်း မိဘများနှင့် စကားပြောခွင့်၊ တွေ့ခွင့်မရှိခဲ့သည့်အပြင် ဘယ်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိကြောင်း မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။

 

“သူနဲ့ပတ်သက်လို့ ကျန်းမာရေးဘယ်လိုရှိလဲ။ ဘယ်လိုနေတယ်ဆိုတာ ဘာဆိုဘာမှမသိရဘူး။ ဘယ်မှာရှိတယ်ဆိုတောင် မသိရသေးတာ စစ်ကြောရေးမှာရှိတယ်လို့ပဲ သိရတယ်" မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။

 

ကလေးမြို့တွင် ဇွန်လ ၁၉ ရက်ညပိုင်းက အင်းယားကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီကဝင်စီးကာ မိသားစုဝင်လေးဦးကို ပစ်သတ်ခဲ့ပြီး ယင်းသေဆုံးမှုနှင့်ပတ်သက်၍ မောင်ကျော်မင်းခန့်မောင်ကို ကျူးလွန်သူအဖြစ် အတင်းအဓမ္မဝန်ခံခိုင်းမှုများလည်းရှိနေကြောင်း စုံစမ်းသိရသည်။

 

ကလေးမြို့ဒေသခံတစ်ဦးက “မောင်ကျော်မင်းခန့်မောင် စစ်ကြောရေးမှာရှိနေသေးတယ်ဆိုရင် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ် သူက အသက်မပြည့်သေးတဲ့ လူငယ်လေးပဲရှိသေးတယ်၊ စဉ်းစားစရာတစ်ခုရှိတာက စခန်းမှူးကနေ သူတို့နာမည်ပျက်မှာစိုးလို့ လိမ်တာလည်းဖြစ်နိုင်တယ်၊ မနေ့ညက စစ်ကောင်စီကပစ်သတ်လို့ လူလေးဦးသေဆုံးတဲ့ကိစ္စကို မောင်ကျော်မင်းခန့်မောင်ကို ဝန်ခံခိုင်းပြီး အပြစ်ပုံချချင်တာလည်းဖြစ်နိုင်တယ်” ဟု ပြောသည်။

 

ကလေးမြို့တွင် ပြီးခဲ့သည့် မေ ၂၄ ရက်ကလည်း နန်းကလိန်းအနီး စိတ်ထားမဏ္ဍိုင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်လှစ်ထားသည့် ကိုမင်းမင်းကို စစ်ကောင်စီကဖမ်းဆီးပြီး ကလေးမြို့ အမှတ် ၆ ကျောင်းအနီး ဗုံးပေါက်ကွဲမှုအား ကျူးလွန်သူအဖြစ် စွပ်စွဲနှိပ်စက်ခံရကြောင့် မေ ၂၅ ရက်၌ စစ်ကြောရေးတွင် သေဆုံးခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...