အင်းတော်ကြီးနှင့် မိုးညှင်းမြို့ဆက်သွယ်ထားသည့် ကပ်ကျော်လမ်းတွင် အမျိုးသမီးနှစ်ဦး၏ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“နမ့်မွန်းနတ်ကြီးကုန်းက ကိုဝင်းမြင့်နိုင်တဲ့ သူက ရုန်းခုတ်သွားရင်းတွေ့ခဲ့တာ။ သူကနေပြီး ဖုန်းဆက်ခဲ့လို့ ကျွန်တော်တို့တွေသွားကြည့်တာ။ ကောင်မလေးကို မုဒိမ်းကျင့်ပြီးတော့ ကျောက်ခဲနဲ့ထုပြီး သတ်ထားပုံပဲ” ဟု မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောသည်။
သတ်ဖြတ်ခံထားရသူနှစ်ဦးသည် အသက် ၁၃ နှစ်နှင့် အသက် ၁၅ နှစ်အရွယ်ဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့ ဇွန် ၁၈ ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ ယင်းအမျိုးသမီးနှစ်ဦးသည် အင်းတော်ကြီး မိုင်းနောင်ကျေးရွာ မြနန္ဒာအရပ်မှဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
၎င်းတို့နှစ်ဦးသည် ဇွန် ၁၀ ရက်ကတည်းက ဟဲပုကျေးရွာရှိ ကမ်းခြေတွင် ရေကစားသွားရင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၇ ရက်၌ ပျောက်ဆုံးကြောင်း မိုင်းနောင်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် သေမှုသေခင်းဖွင့်လှစ်ထားပြီး ဖြစ်စဉ်နှင့်ပတ်သက်သည့် သဲလွန်စတချို့လည်း ရရှိထားကြောင်း ၎င်းအုပ်ချုပ်ရေးမှူးက ပြောသည်။