ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက သုံးလကျော်နီးပါး မတရားဖမ်းဆီးထားသည့် ရှမ်းလူငယ် ကျော်သက်ဦး (ခ) စိုင်းဆိုင်ဝမ်းဦးကို ဇွန် ၁၆ ရက်၌ ထောင်ဒဏ်နှစ်နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
စိုင်းဆိုင်ဝမ်းဦးကို မတ် ၈ ရက် မနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီက သိန်းထိုက်ရုပ်ရှင်ရုံအနီးရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ရန်သွားနေစဉ် လမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
“သူက ဆန္ဒပြလို့ ဖမ်းသွားတာမဟုတ်ဘူး။ ရဲကတော့ သူ့လက်ထဲမှာ ရှမ်းအလံကိုင်ထားလို့ ဖမ်းတာတဲ့။ ဒါပေမယ့် အလံက သူ့လက်ထဲမှာ မဟုတ်ဘူး။ အလံက သူ့အနီးက မြောင်းထဲမှာရှိနေတာ။ ဒါကို သူ့အလံဆိုပြီး စွတ်စွဲပြီး ဖမ်းသွားတာ။ ဇွန် ၁၆ ရက်ကတော့ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်” ဟု စိုင်းဆိုင်ဝမ်းဦးနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စိုင်းဆိုင်ဝမ်းဦးကို စစ်ကောင်စီက ဖမ်းဆီးစဉ်တွင်လည်း ရိုက်နှက်ခဲ့ပြီး လားရှိုးအကျဉ်းထောင်သို့ ပို့ဆောင်ထိန်းသိမ်းခံရစဉ်တွင်လည်း ထောင်ထဲတွင် အမျိုးမျိုးနှိပ်စက်မှုပြုလုပ်ကြောင်းနှင့် အကြောင်းအရာမသိသော စာရွက်ပေါ်တွင် လက်မှတ်ရေးထိုးခံဝန်ခိုင်းကြောင်း ၎င်းအမှုကို လိုက်ပါ ကူညီပေးသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သူက မတရားဖမ်းဆီးခံရပြီး ပုဒ်မတပ်ခံရတာပါ၊ သူ့အမှုစစ်တဲ့ကာလမှာ ထွက်ဆိုချက်အရ အတော်လေး ရိုက်နှက်နှိပ်စက်ခံရတယ်၊ ပြီးတော့ အကြောင်းရင်းမသိရဘဲ လက်မှတ်ထိုးခိုင်းတာလည်းရှိတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
စိုင်းဆိုင်ဝမ်းဦး၏အမှုကို စစ်ဆေးရာတွင် လားရှိုးမြို့ အကျဉ်းထောင်ရှိ တရားခွင်တွင်သာ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
စစ်တပ်မှ နိုင်ငံတော်အာဏာာသိမ်းယူပြီးနောက် လူငယ်များ အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဆန္ဒပြလှုပ်ရှားသူများကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ သျှမ်းလူငယ်များအနက် စိုင်းဆိုင်ဝမ်းဦးသည် ပထမဆုံး စစ်ကောင်စီမှ ထောင်ဒဏ်ချမှတ်ခံရသူတစ်ဦးဖြစ်သည်။
Published
Saturday, June 19, 2021
လားရှိုးကလူငယ်တစ်ဦး ထောင်ဒဏ်နှစ်နှစ် ပြစ်ဒဏ်ချခံရ