စစ်ဘေးကြောင့် တောထဲပုန်းရှောင်ပြီး နေရပ်ပြန်လာကြသည့် သက်ကြီးပိုင်းများ ကိုယ်ခံအားနည်းမှုဒဏ် ခံစားနေရ

စစ်ဘေးကြောင့် တောထဲပုန်းရှောင်ပြီး နေရပ်ပြန်လာကြသည့် သက်ကြီးပိုင်းများ ကိုယ်ခံအားနည်းမှုဒဏ် ခံစားနေရ

အာဏာသိမ်းစစ်ကောင်စီနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) အကြားတိုက်ပွဲကြောင့် နေရပ်စွန့်ခွာကာ တောထဲသို့ ပုန်းရှောင်နေကြရသည့် ဟားခါးမြို့နယ် Senthang နယ်မှ ပြည်သူအများစု နေရပ်သို့ပြန်လာကြပြီဖြစ်သော်လည်း သက်ကြီးရွယ်အိုပိုင်းမှာ ကိုယ်ခံအားနည်းမှုဒဏ် ရင်ဆိုင်နေကြရကြောင်း သိရသည်။

 

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ Senthang (ဆဲန်ထန်း) နယ်ဟုခေါ်သော ဟားခါး-မတူပီကားလမ်းမကြီးအကြားရှိ ဆူရ်ခွါမြို့အပါအဝင် ကျေးရွာပေါင်း ရှစ်ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်ခန့်သည် ၎င်းတို့ဒေသတွင်ဖြစ်ပွားခဲ့သော စကစနှင့် CDF အကြားတိုက်ပွဲကြောင့် ဇွန်လဆန်းပိုင်းကစ၍ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

 

“စစ်ရှောင်ရလို့ နောက်ဆက်တွဲပြသနာတွေ ရင်ဆိုင်ရတယ်၊ ဘာလဲဆိုတော့ သက်ကြီးပိုင်းတော်တော်များများက အားကုန်ပြီး ကိုယ်ခံအားပြတ်လပ်ကြတယ် ပြန်နလန်မထူနိုင်ကြတော့ဘူး တစ်ချို့ဆိုရင် အောက်ဆီဂျင်နဲ့ ဖြေရှင်းရတဲ့သူတွေလည်းရှိတယ်၊ မနေ့ကတော့ အသက် ၇၀ အရွယ် အဘွားအိုတစ်ယောက်တော့ ဆုံးသွားတယ်” ဟု ဆူရ်ခွါမြို့ခံတစ်ဦးက ပြောသည်။

 

ဆူရ်ခွါမြို့တွင် တိုက်နယ်ဆေးခန်းရှိသော်လည်း ဆေးဝါးပြတ်လပ်ကာ ကျွမ်းကျင်လုပ်သားလည်း မရှိသည့်အတွက်ကြောင့် အခက်ကြုံနေရပြီး ဟားခါးမြို့ဘက်သို့ သွားရောက်ကုသရန်မှာလည်း အခြေအနေ တည်ငြိမ်မှုမရှိသေးသည့်အတွက် မသွားရဲမလာရဖြစ်နေကြသည်ဟု အဆိုပါဒေသခံကပြောသည်။

 

ဆဲန်ထန်းနယ်မှ Surkhua မြို့, Phaizawng, Khuapi, Lungrang, Hausen, Dinlopa, Sakta, စသည့် ကျေးရွာအသီးသီးတို့မှဒေသခံပြည်သူအားလုံးနည်းပါးသည် တောထဲသို့ ပုန်းရှောင်ရာမှ နေရပ်သို့ ပြန်လည်ကြပြီဖြစ်သော်လည်း Loklung ကျေးရွာသားများမှာမူ နေရပ်သို့မပြန်ရဲကြသေးကြောင်း သိရသည်။

 

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် Loklung ရွာအနီးတွင် စစ်ဆေးဂိတ်ထားရှိကာ ဟားခါး-မတူပီလမ်းကြောင်းအတိုင်း သွားလာသူများအား စစ်ဆေးကာ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...