ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းက တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသအတွင်းက  ပရဟိတအဖွဲ့များက ပြောသည်။

 

ကိုဗစ်ဖြစ်ပွားမှုအနေဖြင့် ရှမ်းမြောက် လားရှိုးမြို့တွင် ၆၀ ကျော်၊ သီပေါမြို့တွင် လေးဦးရှိသည့်အနက် တစ်ဦးသေဆုံးနှင့် တန့်ယန်းမြို့တွင် တစ်ဦး COVID-19 ပိုးတွေ့လူနာများ ရှိလာနေသည်ဟုဆိုသည်။

 

သီပေါမြို့က ပိုးတွေ့လူနာများအနက် တစ်ဦးသေဆုံးသွားခြင်းနှင့်ပတ်သက်၍ သေဆုံးလူနာအား သဂြိုလ်ပေးခဲ့သည့် နယ်စည်းမခြား ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက “သီပေါမှာတော့ ၁၃ ရက် ညကလာပို့တာက သုံးယောက်၊ ၁၄ ရက်နေ့ကျတော့ သူတို့နဲ့ထိတွေ့ခဲ့တဲ့လူတွေကို ထပ်စစ်လိုက်တော့ တစ်ယောက်ထပ်တိုးတယ်။ ဆိုတော့ လေးယောက်ပေါ့နော်။ အဲ့ဒီ လေးယောက်မှာ မနေ့ (ဇွန် ၁၅ ရက်) က တစ်ယောက်ဆုံးသွားတာပေါ့နော်။ သီပေါဆေးရုံက Isolation ward မှာ အဲ့ဒီ positive လေးယောက်ထားတယ်။ နောက်ထပ် Quarantine Center မှာတော့ ခြောက်ယောက်ထားထားတယ်။ သူတို့နဲ့ ထိတွေ့တဲ့လူနာတွေပေါ့။ သေသွားတဲ့လူနာကိုတော့ ကျနော်တို့ပဲ သဂြိုလ်ပေးခဲ့ရတာပါ။ အမျိုးသမီးပါ။ ၄၁ နှစ်ပါ” ဟု ပြောသည်။

ထို့ပြင် လားရှိုးမြို့တွင် ကိုဗစ်ကူးစက်မှုမှာလည်း အယောက် ၆၀ ကျော်သွားပြီဖြစ်ပြီး၊ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကိုလည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ထားသည်ဟု Covid-19 Operation Team (Lashio-လားရှိုး) က တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

“လောလောဆယ် လားရှိုးမြို့ထဲ ကျနော်တို့ဆေးရုံမှာ positive အနေနဲ့ထားတာက ၆၂ ဦးရှိတယ်ဗျ။ ဒီကနေ မန္တလေးကိုပို့တာက အဲ့ဒါက လေးဦး၊ စာရင်းကတော့ လားရှိုးစာရင်းမှာ မရှိဘူးပေါ့နော်။ အခုလူနာ မန္တလေးမှာ။ အဲ့လေးဦးရဲ့ Contact နဲ့ လိုက်တာနော် ကျန်တဲ့ ၆၂ ဦးက။ အားလုံးက ၆၆ ဦးပေါ့။ ကျနော်တို့ သယ်သမျှ ထဲမှာတော့ အားလုံးက ကျန်းကျန်းမာမာပဲ။ ဒီထဲမှာမှ အိမ်မှာကတည်းက ဖျားနေတာ တစ်ယောက်ရှိတယ်။ အဲ့ဒါ အမျိုးသမီးပေါ့။ အဓိက လားရှိုးမှာဖြစ်နေတာက လူမျိုးတစ်မျိုးတည်းပဲပေါ့။ အဲ့လူက ဒေသတစ်ခုကနေ ပြန်လာတယ်၊ အဲ့ဒီမှာ မင်္ဂလာဆောင်တစ်ခုရှိတယ်၊ နာရေးတစ်ခုရှိတယ်။ အဲ့ဒီကနေ စပြန့်တယ်လို့ပဲ ယူဆထားတယ်။ အခြေအနေအတိအကျကိုတော့ မပြောရဲဘူး” ဟု ၎င်းကပြောသည်။

ယခုလက်ရှိတွင် ကူးစက်မှုများစတင်ခဲ့သည်ဟု ယူဆရသည့် လားရှိုးမြို့က မယ်ဟန်ကျေးရွာကို Lockdown ချထားသည်ဟု Covid-19 Operation Team (Lashio-လားရှိုး) က တာဝန်ရှိသူက ဆက်လက်ပြောသည်။

 

“လားရှိုးမြို့အထက်က မယ်ဟန်ရွာပေါ့နော်၊ အဲ့ဒီရွာကို လောလောဆယ်တော့ Lockdown လုပ်ထားတယ်။ အဲ့ဒီရွာက မင်္ဂလာဆောင်တစ်ခုလုပ်ထားလို့ဗျ။ အဲ့မင်္ဂလာဆောင်သွားတဲ့လူက positive ဖြစ်သွားလို့။ အဲ့ကိုလာတဲ့လူတွေကိုလည်း ပြန်စစ်နေရတာပေါ့။ ဒီညမဟုတ်ရင် မနက်ဖြန်ထပ်ပြီး အဖြေထွက်မယ်။ အဲ့အတွက်တော့ စိတ်ပူတယ်ဗျ။ လူစုလူဝေး ရှောင်သင့်ရင်ရှောင်ရမယ်။ ဒါပေမယ့် အခုက လူတွေမလိုက်နာတာက Mask တောင်မတပ်ချင်ကြဘူး။ ဒေသရဲ့အနေအထားပေါ့ဗျာ။ ဒုတိယအကြိမ်မှာလည်း လားရှိုးကမထိထားဘူး။ အခု တတိယလှိုင်းမှထိတာ၊ ဒါပေမယ့် လူထုက သိပ်ဂရုမစိုက်ကြဘူးဗျ” ဟု ၎င်းကပြောသည်။

 

တန့်ယန်းမြို့နယ် နမ့်ဖတ်လင်းကျေးရွာက အသက် (၅၀) ကျော်အရွယ် အမျိုးသားတစ်ဦးမှာ ဇွန် ၇ ရက်က လားရှိုးမြို့က နာရေးကိစ္စတစ်ခုသွားရောက်ခဲ့ပြီး ဇွန် ၁၃ ရက်တွင် နာမကျန်းဖြစ်လာ၍ ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် COVID-19 ရောဂါကူးစက်ခံထားခြင်းဖြစ်ကြောင်း သိရခြင်းဖြစ်သည်ဟု ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။

 

ရှမ်းမြောက်ကပြည်သူများသည်လည်း အခြားသော ပြည်နယ်နှင့်တိုင်းဒေသများရှိ ပြည်သူများကဲ့သို့ COVID-19 ရောဂါနှင့်ပတ်သက်၍ စိတ်ဝင်စားမှု နည်းပါးနေပြီး၊ ရောဂါကာကွယ်ရေးအပိုင်းတွင်လည်း ပေါ့ဆနေကြသည့်အတွက် ကူးစက်မှုများ ပိုမိုများပြားလာမည်ကို စိုးရိမ်သည်ဟု ရှမ်းမြောက်ဒေသက ပရဟိတအသင်းများက ပြောသည်။

 

ဇွန် ၁၅ ရက် ည ၈ နာရီအချိန်ထိ ဓါတ်ခွဲနမူနာ စုစုပေါင်း ၃၁၉၉ ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ အတည်ပြုလူနာသစ် ၂၂၅ ဦး တွေ့ရှိခဲ့ရသည့်အတွက် ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၁၄၆၀၅၁ ဦးရှိပြီဟု စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...