မော်လမြိုင်တက္ကသိုလ်မှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံရသည့် ကျောင်းသား/ကျောင်းသူ ရှစ်ဦးကို ဇွန်လ ၁၁ ရက်က ရုံးထုတ်စစ်ဆေးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးခံရသည့် ကျောင်းသားတွေကို အကြမ်းဖက်စစ်ကောင်စီက ကျိုက်မရောမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ဆိုသည်။
ရုံးထုတ်စစ်ဆေးတဲ့ ကျောင်းသားကျောင်းသူ ရှစ်ဦးကို ကျိုက်မရောအကျဉ်းထောင်၌ ဖမ်းဆီးချုပ်နှောင်ထားပြီး ထိုအထဲတွင် အမျိုးသမီးနှစ်ဦးပါဝင်ကြောင်း သိရသည်။
၎င်းတို့ ရှစ်ဦးကို မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်ရှိ ၎င်းတို့နေထိုင်သည့် အိမ်တွင် မေ ၁၇ ရက်ညပိုင်းက စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို ဖမ်းဆီးခံရသည့် ကျောင်းသားကျောင်းသူများမှာ မော်လမြိုင်တက္ကသိုလ်မှ နှစ်ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) မှ ငါးဦးနှင့် မော်လမြိုင်တက္ကသိုလ် အဝေးသင်ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။
ဝင်ရောက်ဖမ်းဆီးချိန်တွင် ၎င်းတို့ပိုင်ဆိုင်သည့် ဖုန်း၊ ကွန်ပျူတာ၊ ဆိုင်ကယ်၊ အခြားအသုံးအဆောင်ပစ္စည်းများနှင့် လက်ဝတ်လက်စားအချို့ကိုပါ သိမ်းယူသွားကြောင်း ဒေသတွင်းသတင်းထုတ်ပြန်ဖော်ပြထားမှုအရ သိရသည်။
Published
Saturday, June 12, 2021
မော်လမြိုင်တက္ကသိုလ်က ဖမ်းဆီးခံရသည့် ကျောင်းသား/သူ ရှစ်ဦးကို ဒုတိယအကြိမ်ရုံးထုတ်