မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သုံးကြိမ်တိုင် ရေးဆွဲခဲ့ပြီးဖြစ်ပါတယ်။ အဲဒီရေးဆွဲတဲ့ဖြစ်စဥ်တွေကို လေ့လာမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးရာကော်မရှင် သို့မဟုတ် ကော်မတီကို ၁၉၄၇ ခုနှစ် မေလမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ကာ ကိုယ်စားလှယ် ၇၅ ယောက်ဖြင့်ဖွဲ့စည်းခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းခေတ် ၁၉၄၇ မေလမှစတင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲဖို့ တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ယူကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ မူဝါဒလမ်းညွှန် ၇ ချက်ကိုအခြေခံဖို့ တင်ပြခဲ့ပါတယ်။ ဖ.ဆ.ပ.လ ညီလာခံမှာ ဗိုလ်ချုပ်ဦးဆောင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုခဲ့ကြပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်ထောင်စုစနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုလားတယ်ဆိုတာ ထင်ရှားပါတယ်။
ဒါပေမဲ့လဲ လုပ်ကြံခံရတဲ့အတွက် သူ့နေရာမှာ ဦးနုအစားထိုးခဲ့ပြီးနောက် ဦးနုကနေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလမ်းညွှန်မူကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုမပေးပဲ ဦးချန်ထွန်းကို အသစ်ထပ်မံရေးဆွဲခိုင်းစေခဲ့ပါတယ်။ အဲဒီအသစ်ရေးဆွဲတဲ့ ခြေဥမူကြမ်းဟာ ပြည်ထောင်စုစနစ်ကိုအခြေမခံတော့ပဲ တစ်ပြည်ထောင်စနစ်ကိုအခြေခံတဲ့ ခြေဥဖြစ်သွားရုံသာမက တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအာဏာရပိုင်ခွင့်တွေအာမခံထားတာ ပါမလာတာတွေ့ရပါတယ်။ ဒါပေမဲ့လဲ ဦးနုဦးဆောင်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဦးချန်ထွန်းရဲ့မူကြမ်းကို ၁၉၄၇ စက်တင်ဘာလ ၂၄ ရက်မှာ အတည်ပြုချက်ရယူခဲ့ပြီး ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းတဲ့အထိ အသုံးပြုခဲ့ပါတယ်။ ပင်လုံစာချုပ်အပေါ်အခြေခံပြီး ရေးဆွဲခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတိုင်း ဖြစ်မလာခဲ့တဲ့ ၁၉၄၇ ခြေဥဟာ ခြေဥရေးဆွဲတဲ့ရေးရာကော်မရှင်ဦးဆောင်မှုရဲ့ အဘယ်မျှလောက်ရေးပါပုံကို ပြသနေပါတယ်။
ဒုတိယခြေဥရေးရာကော်မတီကို ဗိုလ်နေဝင်းခေတ်မှာ သမ္မတဦးဆန်းယုက ဦးဆောင်မှုပြုကာ သူတို့စိတ်ကြိုက်ရွှေးချယ်တဲ့ လူ ၉၇ ယောက်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလတွင် လူထုဆန္ဒခံယူပွဲကျင်းပကာ ၁၉၇၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ တော်လှန်ရေးကောင်စီမှ တပါတီဆိုရှယ်လစ်စနစ်အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်ခဲ့ပါတယ်။ ဒါဟာလဲ ခြေဥရေးရာကော်မတီက ရေးဆွဲဆုံးဖြတ်တဲ့အတိုင်းသာ အတည်ပြုပေးခဲ့တာပါ။
နဝတ၊ နအဖ တို့ခေတ်မှာ တတိယကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ၁၉၉၂ မေလ ၂၄ ရက်နေ့မှာ အမျိုးသားညီလာခံဦးဆောင်ကော်မရှင်ဆိုပြီး နဝတစစ်အစိုးရဘက်မှ လူ ၁၄ ယောက်၊ နိုင်ငံရေးပါတီအသီးသီးမှ လူ ၂၈ ယောက်ဖြင့် ဖွဲ့စည်းကြောင်း ကြေငြာခဲ့ပါတယ်။ အဲဒီအမျိုးသားညီလာခံတက်ရောက်မဲ့ လူပုဂ္ဂိုလ်တွေကိုလဲ နဝတအစိုးရက ရွှေးချယ်ခဲ့ပါတယ်။ သူတို့ထဲက ၉၉ ယောက်ပဲ ပြည်သူလူထုက ၁၉၉၀ ရွှေးကောက်ပွဲမှာ ရွှေးချယ်ခံခဲ့တဲ့သူပါ။ ၁၉၉၃ ခုနှစ်မှ ၂၀၀၆ အထိ ၁၃ နှစ်တိုင် စစ်အစိုးရက သူတို့စိတ်တိုင်းကျတဲ့ပုံစံရောက်သည်ထိ ဆွေးနွေးမှုများပြုလုပ်ကျင်းပခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနှင့် နိုင်ငံရေးပါတီတွေက ဖယ်ဒရယ်ဒီမိုကရေစနစ်ဆိုင်ရာမူဝါဒများကို တင်သွင်းခဲ့ကြပါသေးတယ်။ စစ်တပ်က နိုင်ငံရေးကဏ္ဍမှာ ဦးဆောင်မှု၊ ပါဝင်မှု စတဲ့ အခြေခံမူများကိုလဲ ဆန့်ကျင်ကန့်ကွက်ခဲ့ကြ၊ သပိတ်မှောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ ဘာမှဂရုတစိုက်လုပ်တာမရှိဘဲ သူတို့လိုချင်တဲ့ခြေဥဖြစ်ဖို့ကိုသာ စဥ်းစားပါတယ်။ ဒါကြောင့် ၂၀၀၇ ခုနှစ်မှာ ခြေဥရေးရာကော်မတီကို ၅၄ ယောက်ဖြင့်ဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ဖေဖော်ဝါရီလ ၁၉ ရက်မှာ အဲဒီကော်မတီက ခြေဥရေးဆွဲခြင်းကို အဆုံးသတ်စေခဲ့ကာ ၂၀၀၈ ခုနှစ် မေလမှာ လူထုဆန္ဒခံယူစေပြီး အတည်ပြုစေခဲ့ပါတယ်။ ဒါဟာလဲ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဦးဆောင်တဲ့သူတွေအပေါ်မှာ မူတည်နေတာကိုပြပါတယ်။
အခု နောက်တကြိမ် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၀၈ ခြေဥကို ဖျက်သိမ်းပြီးဖြစ်တာကြောင့် ခြေဥအသစ်ရေးဆွဲဖို့ဖြစ်လာပါတယ်။ ခြေဥအသစ်ရေးဖို့ NUG အစိုးရကနေ မေလ ၁၈ ရက်နေ့စွဲနဲ့ ဖယ်ဒရယ်ပြည်ထေင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကော်မရှင်ကိုဖွဲ့စည်းကြောင်း ကြေငြာခဲ့ပါတယ်။ NUG အစိုးရ ဒု-သမ္မတဒူလရှီးလက ဥက္ကဌနေရာ၊ ဒု-ဥက္ကဌနေရာမှာ ဦးမန်းဝန်းခိုင်သန်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်းက အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများအဖြစ် ဖယ်ဒရယ်ရေးရာ ပြည်ထောင်စု ဒု-ဝန်ကြီးနှစ်ယောက်နှင့် အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီး ၁၁ ယောက်ပါဝင်ပြီး ကော်မရှင်အားလုံးပေါင်း ၁၆ ယောက်ဖြင့် ဖွဲ့စည်းပါတယ်။ အဓိကတာဝန်ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကိစ္စအဝဝကို ကြီးကြပ်လမ်းညွန်ပေးရန်လို့ ဖော်ပြပါတယ်။ တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံပဥဒေထဲမှာ ဘာတွေပါဝင်ရမယ်၊ ဘာတွေပယ်ဖျက်ရမယ်၊ ဒါကဒီလိုရေးရမယ်၊ ဒီလိုရေးလို့မရဘူး စသဖြင့် ကြီးကြပ်စီမံနိုင်တဲ့အာဏာတွေ ကိုင်ထားတဲ့သဘောဖြစ်ပါတယ်။
CRPH ရဲ့ Charter အပိုင်း ၁ ဖယ်ဒရယ်ဒီမိုကရေစီအခြေခံမူတွေကိုအခြေခံမယ်ဆိုတာတော့ရှင်းပါတယ်။ အဲဒီ Charter ရဲ့ အခြေခံမူတွေဟာလဲ ယေဘုယျအားဖြင့် တိုင်းရင်းသားအားလုံး လိုလားတောင်းဆိုနေတဲ့အရာတွေပါ။ အဲဒီ ခြေဥရေးရာကော်မရှင်မှာ NUG အစိုးရကလူတွေကြီးပဲဖြစ်နေပါတယ်။ ဒါပေမဲ့ အားလုံးပါဝင်တဲ့ NUCC မှာဆွေးနွေးမယ်လို့ ထပ်ပြောခဲ့တဲ့အပြင် တိုင်းပြုပြည်ပြုညီလာခံမှာ မပါဝင်နိုင်သေးတဲ့သူတွေကိုပါ ဖိတ်ခေါ်သွားမယ်လို့ပြောပါတယ်။ နောက်တချက် ကောင်းတဲ့အပိုင်းက တိုင်းရင်းသားတွေ၊ EAO တွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ အတတ်ပညာရှင်တွေ နဲ့ ၁၈ နှစ်ကြာရေးဆွဲပြီးဖြစ်တဲ့ federal constitution second draft ကို အဓိကကြောရိုးအဖြစ် အသုံးပြုမယ် လိုအပ်တာကိုပဲထပ်ဖြည့်မယ်ဆိုပြီး ဖယ်ဒရယ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မူန်ဆာခေါင်းက ပြောခဲ့ပါတယ်။ ဒါတွေဟာအားသာချက်တွေပါ။
ဒါပေမဲ့ တချို့မှာစိုးရိမ်မှုတွေရှိနေပါတယ်။ ဥပမာ NUCC မှာ ဘယ်သူတွေပါဝင်တယ်ဆိုတာ မရှင်းလင်းဖြစ်နေပါတယ်။ အစုဖွဲ့ဘယ်နှစ်ခုပါဝင်တယ်ဆိုတာပဲ သိရပါတယ်။ ဆိုတော့ အားလုံးကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်တွေ ပါ/မပါကိုတော့ မသိရှိနိုင်သေးတာကြောင့် စိုးရိမ်မှုရှိစေပါတယ်။ ဒါ့အပြင် NUCC မှာဖြစ်စေ တိုင်းပြုပြည်ပြုညီလာခံမှာဖြစ်စေ ဆွေးနွေးတင်ပြမှုတွေကိုဘယ်လောက်အတိုင်းတာထိလက်ခံပေးမယ် ဆိုတာလဲစဥ်းစားစရာဖြစ်ပါတယ်။
Charter အပိုင်း ၁ အခြေခံမူတွေအရ ပြည်နယ်မှာ ဘယ်အာဏာတွေရမယ်၊ ဗဟိုမှာဘယ်အာဏာကိုပဲထားရှိမယ်၊ တန်းတူရေးကို ဘယ်လိုရှာမယ်၊ ဗမာပြည်နယ်တစ်ခုပဲထားမယ်လား၊ သယံဇာတဘယ်လောက်ခွဲဝေမယ်၊ အခွန်ဘဏ္ဍာဘယ်လိုပေးမယ် စတဲ့ အရေးပါဆုံးအချက်တွေကိုတကယ်ပဲ အမြော်မြင်ကြီးစွာ လိုက်လျောပေးမှုရှိမယ်လားဆိုတာ ရာခိုင်နှုန်းပြည့်သေချာတယ်လို့ ပြောလို့စောပါသေးတယ်။
တိုင်းရင်းသားတွေလိုလားတောင်းဆိုနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ အနှစ်သာရရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဟုတ်/မဟုတ်ဆိုတာလဲ စောင့်ကြည့်ရမှာပါ။ တိုင်းပြုပြည်ပြုညီလာခံနှင့် လူထုဆန္ဒခံယူပွဲကို ဘယ်လိုဘယ်ပုံစံနှင့် ကျင်းပမယ်ဆိုတာ ရှင်းလင်းတဲ့ဗျူဟာတွေ မရှိသေးပါဘူး။ ဒါကလဲ ရှိဖို့လိုအပ်ပါတယ်။ အချိန်ကာလသတ်မှတ်မှုကိုပါ အမြန်ဆုံးလုပ်သွားနိုင်ဖို့က လက်ရှိအခြေအနေအရ အရေးကြီးဖြစ်နေပါတယ်။ အနှစ်သာရရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးပေါ်ပေါက်ပြီးမှသာ စစ်အာဏာရှင်ကို စောထသက်စောအောင် အမြစ်ပြတ်နိုင်မှာပါ။ ဘာကြောင့်လဲဆိုရင် အဲဒီခြေဥက နိုင်ငံရေးအာဏာတွေ အာမခံချက်ပေးမှသာ federal army ကိုလဲ ပေါ်ပေါက်လာနိုင်မှာပါ။ ဖယ်ဒရယ်ဒီမိုကရေစီ အနှစ်သာရရှိတဲ့ ခြေဥဖြစ်တယ်ဆိုရင် တိုင်းရင်းသားအားလုံးပါဝင်နိုင်မှာ သေချာပါတယ်။ စာချုပ်စာတမ်းနှင့် ပဋိညာဥ်စာတမ်းတွေဟာ နိုင်ငံရေးအာဏာကို အာမခံမပေးနိုင်ပါဘူး။ အခြေခံမူတွေ လမ်းညွန်ချက်ပဲဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ ဥပဒေအမြင့်ဆုံးဟာ ခြေဥပါပဲ။ ခြေဥနဲ့ဆန့်ကျင်တဲ့ ဘယ်ဥပဒေမှ ပြဌာန်းလို့မရပါဘူး။
နောက်ဆုံးအနေနဲ့ပြောချင်တာက မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့ဖြစ်စဥ် သမိုင်းတွေ လေ့လာတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရရှိခြင်း/မရှိခြင်းဆိုတာ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာကော်မတီ သို့မဟုတ် ကော်မရှင်များရဲ့ ဦးဆောင်လမ်းညွှန်မှုများအပေါ်မှာ များစွာမူတည်နေတာ တွေ့ရပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးသမိုင်းမှာ နောက်ဆုံးအဆုံးအဖြတ်ပေးတဲ့သူတွေဟာ အဲဒီအချိန်ရဲ့ အာဏာရတဲ့သူများနှင့် ဖွဲ့စည်းပုံဥပဒေရေးဆွဲရေးကော်မတီ သို့မဟုတ် ကော်မရှင်များဖြစ်ကြပါတယ်။ ဒါကြောင့် ဖယ်ဒရယ်ဒီမိုကရေစီ အနှစ်သာရရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ဖို့ဆိုရင် NUG အစိုးရကဖွဲ့စည်းလိုက်တဲ့ ခြေဥရေးရာကော်မရှင်ရဲ့ဦးဆောင်မှု၊ လမ်းညွန်ကြီးကြပ်မှုက အရေးပါဆုံးဖြစ်ကြောင်း သုံးသပ်ပါတယ်။
ကိုးကားချက်
၁။ The Burma constitution: Australian Outlook: Vol 2, No 2
၂။ A Tale of 3 Constitutions
၃။ Aung San’s Version of 1947 Union Constitution – The Rohingya Post
၄။ တိုင်းရင်းသားတွေနဲ့ ထိရောက်စွာ တိုင်ပင်လုပ်ဆောင်ဖို့ NUG ကို SNLD ခေါင်းဆောင်တိုက်တွန်း — မြန်မာဌာန