ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တောင်ဖျားချောင်းဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်ကတည်းက မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် တောဖျားချောင်းအထက်ပိုင်းမှာရှိတဲ့ ဒေသခံတွေဟာ နေရပ်စွန့်ခွာထွက်ပြေးလာကြရပါတယ်။
တောဖျားချောင်းဒေသ အထက်သင်းပုန်းတန်းကျေရွာမှာ ရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာဆိုရင် ဝေးလံခေါင်းဖျားတဲ့ တောဖျားချောင်း အထက်ပိုင်းဒေသ ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရခိုင်ပြည်ရဲ့ အစောဆုံး စစ်ဘေးရှောင်တွေလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အဲဒီစစ်ရှောင်တွေဟာ အထက်သင်းပုန်းတန်းကျေးရွာမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြတာဖြစ်ပြီး အခုအချိန်ထိနေရပ်ပြန်ဖို့ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။
ပုဏ္ဏာကျွန်းမြို့နယ်၊ ဂျွတ်ဆုံကျေးရွာမှ မမေသန်းနု (အစောဆုံးစစ်ရှောင်) က “အဲလို ပြန်ပြီးတော့ ဖြစ်လာမှာလား ငြိမ်းချမ်းရေး ရတာတော့ ကောင်းတာပေါ့။ အရင် တုန်းကလို ပြန်ပြီးတော့ တိုက်ပွဲတွေဖြစ်လာရင် လူတွေက ပြောလို့မရဘူး ဘယ်သူမှမပြန်ကြဘူး။ အဲတာကြောင့် အဲလို ကြောက်စရာတွေ ပြန်ပြီးတော့ ဖြစ်လာအုံးမလာဆိုပြီး ကိုယ့်ဒေသကိုပြန်ပြီးတော့ မပြန်ရဲတာပါ။ အသွားအလာတွေရော အခက်အခဲတွေရှိတယ်။ ကားလမ်းတွေလည်းမရဘူ။ ရေလမ်းကြောင်းပဲ သွားရတယ်ဆိုတော့ ညီမတော့ စိုးရိမ်တာပေါ့။ အဲလို အစစအရာရာ စိုးရိမ်ရလို့ ညီမတို့ ဒီနေရာမှာ ဆက်လို့နေရတာပေါ့” လို့ ပြောပါတယ်။
တောဖျားချောင်းအထက်ပိုင်းဒေသဟာ မြိုတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ဒေသတစ်ခုဖြစ်ပြီး မြို့ပြနဲ့လည်းဝေးလွန်းသလို လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတွေဟာလည်း အခုအချိန်ထိ တိုးတက်မှုမရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် အဲဒီဒေသကစစ်ရှောင်တွေထဲမှာ အစစအရာရာ တိုးတက်မှုမရှိတဲ့ မိမိနေရပ်ကို မပြန်ချင်ကြဘူးလို့ စစ်ရှောင်တွေကိုလက်ခံထားတဲ့ သင်းပုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောပါတယ်။
“အခုက သူတို့က ဒီမှာနေတဲ့အခါကျတော့ ဘယ်လိုပြောမလဲ ကျန်းမာရေးတစ်ခုခုဖြစ်ပြီဆိုရင်လည်း ရေကြောင်းလည်းရှိတယ်။ အဲမှာ အသွားအလာလည်း ကောင်းတယ်ဗျာ။ ဆေးဆိုရင်လည်း အဲမှာဝယ်စားလို့ရတယ်ဗျာ။ ဟိုအဝေးကြီး သူတို့ရဲ့ မွေးရပ်ဇာတိမှာဆိုရင်တော့ ကားလမ်းလည်းမရှိဘူး ရေလမ်းလည်းမရှိဘူးဆိုတော့ သူတို့မှာ အခက်အခဲရှိတယ်ဗျာ ဟုတ်”
အထက်သင်းပုန်းတန်းကျေးရွာမှာရှိတဲ့ ဖားကြွယ်စစ်ရှောင်စခန်းမှာဆိုရင် လူဦးရေ ၅၀၀ နီးပါးနေထိုင်ကြပြီး ဖက်ဝန်းချောင်း၊ အဝိုင်းတောင်၊ သပြုချောင်းနဲ့ နတ်သရွေးရယ် စတဲ့ကျေးရွာတွေက ထွက်ပြေးလာကြသူတွေလည်းဖြစ်ပါတယ်။
သူတို့တွေဟာ ဖားပြိုစစ်ရှောင်စခန်းမှာ နေထိုင်နေတာသုံးနှစ်နီးပါးရှိနေတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေးတွေအပြင် ဘာတစ်ခုမှ တိုးတက်မှူမရှိတဲ့ သူတို့နေရပ်ကို မပြန်ချင်ကြတော့ဘူးလို့လည်း ဖားကြွယ်စစ်ရှောင်စခန်းတာဝန်ခံ ဦးသန်းမြင့်က ပြောပါတယ်။
“အဲတာနှစ်ပိုင်းရှိပါတယ်။ ဟိုမှာနေရင်လည်း ကျန်းမာရေး လူမှူရေး ပညာရေး ချို့တဲ့အခက်အခဲရှိတယ်။ ဒီမှာက ကျန်းမာရေး ပညာရေး လူမှူရေး ကောင်းတယ်။ ဒါပေမယ့်လည်း ဟိုကိုမပြန်ဖြစ်တာက မြေမြုပ်မိုင်းပဲ။ ကျနော်တို့ တောင်ယာခုတ်မယ့် နေရာမှာ မြေမြုပ်မိုင်းတွေ မထောင်ထားဘူးလို့ မပြောနိုင်ဘူး။ အဲတာကြောင့် မပြန်ဖြစ်တာ။ အခုနောက်ပိုင်း အဲမြေမြုပ်မိုင်းတွေကို နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီးတော့ မိုင်းတွေ ရှင်းလိုက်ရင် တစ်ချို့က ပြန်မယ် တစ်ချို့ကလည်း မပြန်ဘဲ ဒီမှာပဲ ဆက်ပြီးတော့နေမယ်။ ကျနော်တို့ ဟိုကို ပြန်သွားလို့ရှိရင် စားဝတ်နေရေး အခက်အခဲ။ နှစ်တိုင်းဆိုရင် တောင်ယာက စပါးတွေထွက်တယ်။ အဲတာသိမ်းထားတယ်။ အခုကျနော်တို့ပြန်သွားရင် ဘာနဲ့သွားစရာကြမလဲ။ အိမ်ပြန်ဆောက်ရမှာလည်းတစ်ချက် အဲတာကြောင့် မတက်ဖြစ်တာလည်းပါပါတယ်”
တစ်ချို့ စစ်ဘေးရှောင်တွေဆိုရင်လည်း မိမိနေရပ်ကို ပြန်ချင်ပေမယ့် နေရပ်ပြန်ဖို့ မသေချာမရေရာဘူးလို့ ပြောပါတယ်။
“ကြာရင်လည်း ဒီမှာပဲ နေဖြစ်သွားမလား။ စဉ်စားလို့ ဘာမှ အနာဂတ်အတွက် ရယ်ရယ်ရာရာ စဉ်းစား ထားတာမရှိဘူးလို့ ဆိုရမှာပေါ့” လို့ မမေသန်းနုက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် နိုင်ဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက စစ်တပ်နဲ့ ရခိုင့်တပ်တော်တို့ကြားတိုက်ပွဲတွေ ရပ်ဆိုင်းနေပေမယ့် စစ်ကျန်လက်နက်တွေ မြေမမြုပ်မိုင်း အန္တာရာယ်တွေကြောင့် လက်ရှိအချိန်ထိ စစ်ရှောင်တစ်သိန်းကျော်လောက် နေရပ်ဖို့ ခက်ခဲနေကြတာပါ။
ဒါပေမယ့်လည်း အထက်သင်းပုန်းတန်းကျေးရွာက စစ်ရှောင်စခန်းမှာရှိတဲ့ စစ်ရှောင်တွေက သွားရေးလာရေး၊ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး ဘာတစ်ခုမှတိုးတက်မလာတဲ့ သူတို့ဒေသကို ပြန်နိုင်ဖို့ထက် လမ်းပန်းဆက်သွယ်ရေးတွေအဆင်ပြေတဲ့ နေရာတစ်ခုမှာပဲ အခြေချနေထိုင်ချင်ကြတာလည်း ဖြစ်ပါတယ်။