ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုများနေကြောင်း ဒီးမောဆိုမြို့နယ် အရှေ့ဖက်ခြမ်းဒေသမှ စစ်ဘေးရှောင်များထံမှ သိရသည်။
“ဘယ်လိုမျိုးအရွယ်တွေမှာ ဖြစ်နေလည်းဆိုရင် အရွယ်မရွေးဘူးဖြစ်နေတယ်။ ယင်နားစာ စားမိတာတွေ၊ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေက ဒါတွေလည်း ဖြစ်နိုင်တာပဲလေ။ အခုဖြစ်နေတာ အစကတော့ ကလေးပေါ့။ အခုဆို လူကြီးတွေပါ ဖြစ်ကုန်ပြီ။ အဲ့ဒါကြောင့် ကျွန်တော်တို့ အဆင်မပြေဘူး။ ကျွန်တော်တို့မှာလည်း ဆေးမရှိဘူး။ မလုံလောက်ဘူး။ အဲ့လိုသဘောမျိုးပေါ့။ အလှူရှင်ရှိတယ်။ မလုံလောက်ဘူး။ အဓိက အဲ့ဒါတွေဖြစ်နေတယ်” ဟု စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်သူထဲက သက်ကြီးရွယ်အိုနှင့် ကလေးတွေများသည့်အတွက် ဆေးဝါးလုံလောက်မှုမရှိသကဲ့သို့ လက်ရှိတွင် လူကြီးများသာမက ကလေးငယ်များပါ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“တချို့လူတွေဆိုရင် ရောဂါအခံရှိတယ်။ ရှိတော့ အမြဲတမ်းဆေးကို မပြတ်ဆောင်ထားရတဲ့သူတွေ၊ ဆေးပြတ်သွားရင် မရတဲ့သူတွေ အဲ့ဒါတွေကျတော့ ကျွန်တော်တို့ တအား အခက်အခဲဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့က ဆေးတွေကို အကူအညီတောင်းလို့မရရင် အဲ့လိုလူတွေကို ပစ်ပယ်၊ ပစ်ထုတ်ထားသလို အဲ့လိုမျိုးပုံစံပဲ ဖြစ်သွားမှာပေါ့” ၎င်းက ဆက်လက်ပြောသည်။
ကယား (ကရင်နီ) ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသည့်အတွက် ကျန်းမာရေးမကောင်းသူများ ဆေးကုသရန် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ကလေးသူငယ်များ ဝမ်းပျက်၊ ဝမ်းလျှောခြင်းများအပြင် ချောင်းဆိုး၊ ရင်ကြပ် စသည့်ရောဂါများလည်း ဖြစ်ပွားလျက်ရှိကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
“စစ်ပွဲတွေ ပြင်းထန်လာတဲ့အခါ ပြည်သူတွေအတွက် အဓိက ထိခိုက်မှုပိုများတယ်။ တကယ့် မကျန်းမာတဲ့သူတွေအတွက် ပိုပြီးတော့ အခက်အခဲ ရင်ဆိုင်ရတယ်။ တောထဲမှာနေတဲ့အခါအမှာ ရေလည်းရှားတယ်။ ရှိတဲ့ရေကလည်း မသန့်ဘူး။ ကလေးငယ်တွေဆိုရင်လည်း အခုဆို ဝမ်းပျက်၊ ဝမ်းလျောရောဂါကို ခံစားလာရတဲ့ အခြေအနေမှာရှိတယ်။ သက်ကြီးရွယ်အိုပိုင်းဆိုရင်လည်း တော်တော်လေး စိတ်ဓာတ်ကျနေတဲ့ အခြေအနေမှာ ရှိတဲ့အခါ ဒီစစ်ပွဲကြောင့် ဘယ်ပြည်သူမှ စိတ်မချမ်းရတော့ တော်တော်လေး ဝမ်းနည်းဖွယ်ကောင်းတာပေါ့နော်” ဟု ကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
ကယားပြည်နယ်တွင် ဒီးမော့ဆိုမြို့အပါအဝင် ရှမ်း - ကရင်နီနယ်စပ်ရှိ မိုးဗြဲဒေသကိုလည်း လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှု များပြားလာသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သိန်းဝန်းကျင်အထိဖြစ်လာကြောင်း သိရသည်။