နိုင်ငံတကာကသတ်မှတ်ထားသည့် စစ်ရေးဆိုင်ရာကျင့်ဝတ်များကို လိုက်နာရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို NUG တိုက်တွန်း

နိုင်ငံတကာကသတ်မှတ်ထားသည့် စစ်ရေးဆိုင်ရာကျင့်ဝတ်များကို လိုက်နာရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို NUG တိုက်တွန်း
by -
နော်ဒွေးအယ်ခူ (KT)

နိုင်ငံတကာကသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များကို လိုက်နာရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗဟန်းထန်က တိုက်တွန်းလိုက်သည်။

 

မြန်မာနိုင်ငံရှိ ပြည်သူလူထုသည် အကြမ်းဖက်စစ်ကောင်စီအား အခြေအနေအမျိုးမျိုးကြောင့် ခုခံကာကွယ်သည့်အဆင့်သာဖြစ်သည်ဟု ဆိုသည်။

 

“စစ်ကောင်စီလိုမျိုး မထိမဲ့မြင်၊ တရားမဲ့လုပ်နေတာမဟုတ်ဘူး။ ကျွန်တော်တို့အားလုံးက ဒီအခြေအနေအမျိုးမျိုးကြောင့် ခုခံကာကွယ်တဲ့အဆင့်သာရှိတယ်ဆိုတာ ပြသဖို့လိုတယ်။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ စစ်ပိုင်းဆိုင်ရာကျင့်ဝတ်တွေ အဲဒါလည်း သေသေချာချာလိုက်နာကြဖို့ အထူးတိုက်တွန်းချင်တယ်ပေါ့နော်။ ကိုယ့်ရဲ့ယုံကြည်ရာအတိုင်း ဆက်လက်တိုက်ပွဲဝင်ပါ အားတင်းထားပါ။ ကျွန်တော်တို့အားလုံးက ဘက်ပေါင်းစုံကနေ ဝိုင်းပြီးတော့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားဖို့ အားလုံးကြိုးစားကြမှာပေါ့နော်။ အဓိက မှာချင်တာကတော့ စိတ်ထဲမှာရှိတဲ့ ခံယူချက်နဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာစွဲကိုင်ပြီးမှ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ပဲ” ဟု ဗဟန်းထန်က ပြောသည်။

 

ကရင်နီပြည်နယ်တွင် မေ ၂၁ ရက်က ဒီမော့ဆိုမြို့ ဒေါငံခါးတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်သည် လူနေရပ်ကွက်အတွင်းသို့ ပစ်ခတ်ခြင်းများပြုလုပ်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ပြန်လည်ခုခံပစ်ခတ်ရာမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

မေ ၃၁ ရက်တွင် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ စစ်ရေးကျင့်ဝတ်ကိုချိုးဖောက်၍ ဒီးမော့ဆိုမြို့ကို လက်နက်ကြီးများနှင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည့်အပြင် ရဟတ်ယာဉ်ကိုပါအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

လက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်သည် လူသားမျိုးနွယ်တွေအပေါ် ရာဇဝတ်မှုကျူးလွန်နေခြင်းဖြစ်ပြီး နိုင်ငံတကာအစိုးရအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီကို ဖိအားပေးရန်လိုအပ်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ၏ Humanitarian Focal က ပြောသည်။

 

“နိုင်ငံတကာအစိုးရအနေနဲ့ ဒီဟာကို အမြန်ဆုံး ဝင်ရောက်ပြီးတော့မှ စွက်ဖက်ပေးဖို့ လိုအပ်နေပြီလို့ မြင်တယ်။ အကယ်၍ သူတို့က မလုပ်ဘူးဆိုရင် ထိုင်ကြည့်နေမယ်ဆိုရင်တော့ ကျွန်တော်ပြောနိုင်တာက သူတို့က လူသားမျိုးနွယ်စုကို သတ်ဖြတ်တဲ့နေရာမှာ၊ ရာဇဝတ်မှုကျူးလွန်တဲ့နေရာမှာ သူတို့ကိုယ်တိုင်ကလည်း အားပေးအားမြောက်ပြုနေတယ်ဆိုတာ သိစေချင်ပါတယ်" ဟု ၎င်းကပြောသည်။ 

 

စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့ရာ အစိုးရဝန်ထမ်းများနှင့် ပြည်သူလူထုက ထိုလုပ်ရပ်အပေါ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်ခြင်းကြောင့် ပြည်သူများက ရရာလက်နက်စွဲကိုင်၍ ပြန်လည်ခုခံတော်လှန်ရသည့် အခြေအနေရောက်ရှိသွားခြင်းဖြစ်ကြောင်းနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြရန် ဒုတိယဝန်ကြီး ဗဟန်းထန်က တိုက်တွန်းပြောကြားခဲ့သည်။

 

“ဒီလိုမျိုး ပဋိပက္ခဖြစ်တဲ့အပေါ်မှာ လက်ရှိ စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းဖြစ်တယ်ပေါ့နော်။ အဲဒီအခါကျတော့ ကျတော်တို့ပြည်သူကလည်း ရရာလက်နက်စွဲကိုင်ပြီးတော့ တော်လှန်တဲ့အချိန်မှာ ကျတော်တို့ဖက်က အဓိက အားပေးစကားပြောချင်တာက ကိုယ့်ရဲ့ယုံကြည်ချက်အတိုင်း ခံယူချက်အတိုင်း ဆက်လျှောက်ပါ။ ဆက်လက်တိုက်ပွဲဝင်ပါ” ဟု ၎င်းကပြောသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်အနေဖြင့် ဒီမော့ဆိုမြို့ကို နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိပြီး လက်ရှိတွင်လွိုင်ကော်-ဒီမော့ဆိုမြို့ လမ်းမကြီးတစ်လျှောက် ကျေးရွာ၊ ရပ်ကွက်များအထိ တပ်စွဲထားကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ၊ လက်နက်ကြီးထိမှန်မှုကြောင့် ပျက်ဆီးမှုများ အများအပြားရှိလာကြောင်း ဒေသခံထံမှ သိရသည်။ 

 

ဒီမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲသည် နှစ်ပတ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြည်သူ့ကာကွယ်တပ် (PDF) ကို ပြည်သူလူထုအနေဖြင့် ဆက်လက်ကူညီပံ့ပိုးဝန်းရံပေးရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

“တတ်နိုင်သလောက် ဆက်လက်ပြီးတော့ ကူညီဖို့ပံ့ပိုးကြဖို့ ဝန်းရံကြဖို့။ အဓိကတော့ ဒီစစ်အာဏာရှင်ကို တိုက်ထုတ်တဲ့နေရာမှာတော့ ကျွန်တော်တို့နဲ့ ပြည်သူနဲ့ကတော့ သွားပြီးတော့ ကွဲနေလို့မရဘူးပေါ့လေ။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်လုပ်မယ်။ ပြည်သူကလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးမယ်ဆိုရင်တော့ သိပ်မကြာခင် ဒီစစ်ကောင်စီကို ကျွန်တော်တို့အနိုင်ရမှာပါ” ဟု KNDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်နှင့် ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ကနေ နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကတ်သလစ်ဘုရားကျောင်းအပါအဝင် နေအိမ်အများအပြား ပျက်ဆီးခဲ့ရပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သည့် စစ်ဘေးရှောင် တစ်သိန်းဝန်းကျင်ရှိနေပြီဖြစ်ကာ ၎င်းတို့အတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ရေ၊ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်လျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...