စစ်ကောင်စီတပ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက် တိုက်ခိုက်တွန်းလှန်ရန် ပြည်သူများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တိုက်တွန်းတောင်းဆိုလိုက်သည်။
လက်ရှိ ကရင်နီပြည်နယ်တွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KPDF တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်မှုများရှိနေပြီး KPDF မှ စစ်ကောင်စီတပ်အား တိုက်ခိုက်တွန်းလှန်နေသကဲ့သို့ အခြားပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ ပြည်သူများကလည်း တစ်ပြိုင်နက် ပါဝင်တိုက်ခိုက်ပေးရန် တောင်းဆိုကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “အဓိကကတော့ တစ်နိုင်ငံလုံးအတိုင်းအတာပေါ့နော်။ တစ်နိုင်ငံလုံးအတိုင်းအတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှ မဟုတ်ဘူး။ လူထုကိုယ်တိုင်လည်း ပါဝင်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်စေချင်တာပေါ့။ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နေသူရော ရွာပါမကျန်ပေါ့။ ကျေးရွာလူထုမကျန် အကုန်လုံးက ဒီစစ်ကောင်စီကို တစ်ပြိုင်နက်တည်း တိုက်ထုတ်ဖို့ကို အမြန်ဆုံး အကောင်အထည်ဖော်စေချင်တယ်ပေါ့နော်။ တစ်မြို့ထဲ လုပ်နေတာခါကျတော့ တစ်မြို့ထဲပဲ အဖိခံရနိုင်တဲ့ အခြေအနေရှိတယ်ပေါ့” ဟု ပြောသည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းများအရ ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ ပြည်သူအားလုံး စစ်ကောင်စီတပ်များကို တစ်ပြိုင်နှက်တည်း တွန်းလှန်တိုက်ခိုက်မည်ဆိုပါက အာဏာရှင်ပြုတ်ကျရေးကို လျင်မြန်စွာ လုပ်ဆောင်နိုင်မည်ဟု ဆက်ပြောသည်။
“ဒါမှလည်း တစ်ညီတစ်ညွတ်တည်းနဲ့ ကျနော်တို့လိုချင်တဲ့ ကျနော်တို့ရည်မှန်းတဲ့ ပန်းတိုင် ကျွန်တော်တို့မျှော်လင့်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ့ ဒီအာဏာရှင်ပြုတ်ကျဖို့ အဓိက အဲဒီဟာ ဖြစ်လာနိုင်တယ်ပေါ့နော်။ အဲလိုလည်း ကျွန်တော်တို့ ယူဆတယ်ပေါ့” ဟု KNDF ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။
ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ကို ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီမောဆို၊ နမ့်ဖက်ခုံ၊ မြို့နယ်များရှိ PDF တပ်ဖွဲ့များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲရှိ PDF တပ်ဖွဲ့များအပြင် ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် မေ ၃၁ ရက်က ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် မေ ၂၀ ရက် နောက်ပိုင်းမှစတင်ကာ ကရင်နီပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့သည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများသည့်အတွက် လေယာဉ်များဖြင့်ပါ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KNDF က ဆိုသည်။
ထိုတိုက်ပွဲများကြောင့် ဒေသခံများမှာ ၎င်းတို့နေထိုင်ရာဒေသများတွင် လုံခြုံမှုမရှိတော့သည့်အတွက် နီးစပ်ရာမြို့များနှင့် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် အဖက်ဖက်မှ အကူအညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်တပ်မက အာဏာသိမ်းယူပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် ပြည်သူများကို စစ်ကောင်စီက ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ညှင်းပန်းနှိမ့်စက်ခြင်းများအပြင် သတ်ဖြတ်မှုများကိုပါ လုပ်ဆောင်ခဲ့ကြသည်။
တစ်ဖက်တွင်လည်း တိုင်းရင်းသားပြည်နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလာသကဲ့သို့ တိုင်းဒေသကြီးများတွင်လည်း NUG ကဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။
ထိုပဋိပက္ခများကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ပြည်သူများမှာ စစ်ကောင်စီ၏ ဖမ်းဆီး၊ နှိမ့်စက်သတ်ဖြတ်မှုနှင့် ကင်းလွတ်ရာ တောထဲတောင်ထဲနှင့် နေရာဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်ဟု ပြောသည်။
ထိုအနေအထားများကြောင့် ပြည်သူများအနေဖြင့် စစ်အာဏာရှင်၏လုပ်ရပ်အား ခေါင်းငုံ့မခံကြပဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိုင်းဝန်းတွန်းလှန်ပေးကြရန် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။