တိုက်ပွဲဖြစ်ပွားမှုများမရှိသော်လည်း စစ်ကောင်စီက ဒီမောဆိုမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် တစ်ဖက်သတ်ပစ်ခတ်နေ

တိုက်ပွဲဖြစ်ပွားမှုများမရှိသော်လည်း စစ်ကောင်စီက ဒီမောဆိုမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် တစ်ဖက်သတ်ပစ်ခတ်နေ

တိုက်ပွဲဖြစ်ပွားမှုများ မရှိသော်လည်း စစ်ကောင်စီက ဒီမောဆိုမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် တစ်ဖက်သတ်ပစ်ခတ်နေကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ပြောရေးဆိုခွင့်ရှိသူကတစ်ဦးက ပြောသည်။

၎င်းက “အခုအခြေအနေဆိုရင် မနက် ၆ နာရီလောက်နေစပြီးတော့ တာဝေးပစ်ဒုံးတွေပေါ့။ ၁၂၀ မမဒုံးတွေနဲ့ ပစ်နေတယ်ပေါ့နော။ အခုလက်ရှိ အချိန်အထိပဲ ပစ်နေတုန်းပေါ့။ နှစ်ဖက်ထိပ်တိုက်တွေ့ဆံမှုတော့မရှိဘူး။ သူတို့ဟာသူတို့ လွိုင်ကော်မြို့ကနေပြီးတော့ ဒီမောဆိုမြို့ကို ပစ်နေတာပေါ့နော။ မနေ့တုန်းကဆိုရင်တော့ ဖယ်ခုံ၊ မိုးဗြဲဖက်လည်း သူတို့ပစ်တယ်ပေါ့နော” ဟု ပြောသည်။

ဒီမောဆိုမြို့နယ်တွင် မေ ၃၁ ရက်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီဖက်က လေယာဉ်များနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ဇွန်လ ၁ ရက်တွင် တိုက်ပွဲဖြစ်ပွားမှုများမရှိသော်လည်း လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေကြောင်း KNDF ပြော ရေးဆိုခွင့်ရှိသူက ပြောသည်။

မေ ၃၁ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ KNDF ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့ နေ့လည် ၁၂ နာရီမှာ တိုက်ပွဲစဖြစ်တာပေါ့နော်။ တိုက်ပွဲစဖြစ်တာကတော့ ဒီမောဆိုမြို့နယ် ဒေါငံခါးကျေးရွာပေါ့နော်။ ဒေါငံခါးရပ်ကွက် နောက် ကုန်းသာကျေးရွာနဲ့ အလယ်မှာ ရှိတဲ့ ကျောက်ဆည်ကန်ပေါ့ အဲဒီရပ်ကွက်နဲ့ ရွာရဲ့အလယ်မှာရှိတဲ့ ကျောက်ဆည်ကန်မှာ စစ်ပွဲဖြစ်တာပေါ့။ စစ်ကောင်စီက ဟာလီကော်ပတာနှစ်စီးပေါ့နော်။ ပထမတော့ နှစ်စီးနဲ့ပစ်တယ်။ အပေါ်ကနေပစ်တယ်။ နောက်ပြီးတော့ ညပိုင်းလောက်မှာကျတော့ ဂျက်လေယာဉ်နှစ်စီးနဲ့ ထပ်ပစ်တယ်ပေါ့နော်။ ထပ်ပစ်တယ်။ ဂျက်လေယာဉ်တွေကတော့ တစ်ညလုံးနီးပါး ပျံဝဲနေတာပဲ။ ဒီမောဆိုမြို့နယ်မှာပဲ။ စစ်ပွဲဖြစ်နေတာလည်း ဒီမောဆိုပဲ ဖြစ်တဲ့အတွက် ဒီမောဆိုပဲ သူတို့ပစ်နေတာပေါ့” ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အကျအဆုံးများခဲ့သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောသည်။

“စစ်ပွဲဖြစ်တယ်။ နောက် ကျဆုံးတာ ထိခိုက်တာကျတော့ ကျွန်တော်တို့ PDF ကနေပြီးတော့ နှစ်ဦးကျဆုံးတယ်။ ငါးဦး ဒဏ်ရာရတာပေါ့နော။ စစ်ကောင်စီဖက် ကျဆုံးမှုကတော့ ကျွန်တော်တို့ KNDF က ထုတ်ပြန်ထားတာ ၈၀ ဝန်းကျင်ပေါ့နော်။ ဒါက ခန့်မှန်းပေါ့နော်။ မြေပြင်မှာ ဖြစ်နေတဲ့ဟာကို လောလောဆယ်ပေါ့။ အခု ဒီမနက် ရှင်းလင်းရေးကိစ္စတွေ မနေ့ထဲကနေ တိုက်ပွဲအခြေအနေက ပြင်းထန်တော့ အကျအဆုံးများတယ်။သူတို့ အကျအဆုံးများတယ်။ ခန့်မှန်းခြေ အဲဒီဝန်းကျင်တော့ ဖြစ်ဖို့များတာပေါ့နော်” ဟု ၎င်းကပြောသည်။

ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ်တွင် ပြီးခဲ့သည့် မေ ၂၀ ရက် နောက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများမှာ ကရင်နီပြည်နယ်နှင့် ဆက်စပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အထိ ကူးစက်ဖြစ်ပွားလာခဲ့သည်။

အဆိုပါ တိုက်ပွဲများကြောင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဒေသခံပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ တောထဲတောင်ထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အစားအသောက် ဆေးဝါးနှင့် အခြေခံလူ့အသုံးအဆောင်များ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ဆိုသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ်များကို အမြစ်ပြတ်ချေမှုန်းရန်နှင့် ပြည်သူလူထုများကို ကာကွယ်ရန်အတွက် ကရင်နီပြည်နယ်အခြေစိုက် PDF များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနှင့် ဖယ်ခုံရှိ PDF တပ်ဖွဲ့တို့နှင့်အတူ ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကာ တပ်ပေါင်းစုအဖြစ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကို ဖွဲ့စည်းထားသည်ဟု သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...