“CDM တွေကို ဒီတိုင်းပဲ ထောက်ပံ့ကူညီနေတာတွေက ရေရှည်မှာ အဆင်မပြေနိုင်ဘူး။ ဒါကြောင့် တစ်ခြားနည်းလမ်းတွေကို စဉ်းစားနေတယ်”

“CDM တွေကို ဒီတိုင်းပဲ ထောက်ပံ့ကူညီနေတာတွေက ရေရှည်မှာ အဆင်မပြေနိုင်ဘူး။ ဒါကြောင့် တစ်ခြားနည်းလမ်းတွေကို စဉ်းစားနေတယ်”

NUG မှ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီနှင့် အင်တာဗျူး

 

၂၀၂၀ အထွေထွေရွေးကောက်ပွဲက ရွေးချယ်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီက အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG) ကို ဖွဲ့စည်းခဲ့ပြီး အစိုးရလက်အောက်က ဝန်ကြီးဌာနတွေ ဆက်လက်ဖွဲ့စည်းခဲ့သည်။ မေ ၃ ရက်တွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ဦးကျော်နီကို ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဦးကျော်နီသည် ၂၀၁၀ ခုနှစ်အလွန်ကာလကတည်းက အလုပ်သမားရေး ကူညီဆောင်ရွက်သူအဖြစ် လှုပ်ရှားခဲ့ပြီး အလုပ်သများသမဂ္ဂများဖွဲ့စည်းခြင်းနှင့် အလုပ်သမားအခွင့်အရေးများကို ကူညီကာကွယ်ခဲ့သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် CDM ဝန်ထမ်းများကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးမည့်အစီအစဉ်များနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ဦးကျော်နီအား ယခုလို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး - ဒီကာလကြီးထဲမှာ အလုပ်လက်မဲ့တွေ အရမ်းများလာမယ့်အပေါ် ဘယ်လိုဖြေရှင်းဖို့ ပြင်ဆင်ထားလဲ။

ဒုဝန်ကြီး - ကျွန်တော်တို့အခုစီစဉ်နေတဲ့ CDM ထောက်ပံ့မယ့်အစီအစဉ်မှာက နောက်ဆက်တွဲ ပုဂ္ဂလိက ဝန်ထမ်းတွေကိုပါ ထောက်ပံ့ပေးသွားဖို့အစီအစဉ်ရှိတယ်။ ပုဂ္ဂလိက CDM လုပ်တဲ့ဝန်ထမ်းတွေပေါ့လေ။ အခု စက်ရုံတွေပိတ်လို့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရမယ့် ကိစ္စက ထပ်ပေါ်လာတဲ့ ကိစ္စဖြစ်တယ်။ နဂိုကတည်းကလည်း ဒီစက်ရုံဝန်ထမ်းတွေထဲမှာ တိုက်ပါဲတိုက်နေတဲ့ CDM လုပ်နေတဲ့ ဝန်ထမ်းတွေလည်းရှိတယ်လေ။ ဒါကိုထည့်စဉ်းစားထားတယ်။ ဒီကိစ္စက ထည့်ပြီးတော့ အစီစဉ်ဆွဲရမယ့် ကိစ္စလည်းဖြစ်ပါတယ်။

မေး - ဒီပြဿနာဟာ ဘယ်လောက်ထိ ထပ်ကြာနိုင်မယ်လို့ယူဆလဲ။ ဘယ်လောက်ထိပြင်ဆင်ထားပြီလဲ။

ဒုဝန်ကြီး - ကျွန်တော်တို့ မျှော်လင့်ထားတာတွေရှိတယ်။ ဒီအခက်အခဲအကြပ်အတည်းကြီးကို မြန်မြန်ပြီးသွားစေချင်ပေမယ့် သက်မဲ့ယန္တရားတစ်ခုကိုလည်ပတ်တာ မဟုတ်ပဲနဲ့ လူတွေနဲ့ လူတွေတိုက် ရတဲ့ပွဲဆိုတော့ အချိန်ခန့်မှန်းဖို့ခက်ခဲပါတယ်။ အခြေအနေတွေအရ မြန်မြန်ပြီးသွားနိုင် သလို ဘယ်လောက်ထိ ကြာမယ်၊ ဘယ်လောက်ထိ ဆိုးသွားမယ်ဆိုတာကိုလည်း ကျွန်တော်တို့ မသိနိုင်ဘူး။ ဒီတော့ ကျွန်တော်တို့က လက်ရှိရင်ဆိုင်နေရတဲ့  ဆိုးနေတဲ့ အခြေအနေတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လိုကြံ့ကြံ့ခံမလဲ၊ ဘယ်လိုတုံ့ပြန်မလဲဆိုတာတွေကိုပဲ ကျွန်တော်တို့ စဉ်းစားနေရတာပေါ့။ တိုက်ပွဲတစ်ဝက်လောက်ရောက်ပြီဆိုရင် ကျွန်တော်တို့ ပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင်လို့ရ လာမှာပါ။

မေး - CDM သမားတွေကို ထောက်ပံ့တဲ့အခါမှာ ငွေကြေးနဲ့ ရိက္ခာထောက်ပံ့တာက ရေရှည်အတွက်အဆင်ပြေပါ့မလား။ တစ်ခြားအစီအစဉ်တွေရှိလား။

ဒုဝန်ကြီး - ကျွန်တော်တို့ ဒါကိုအလေးထားဆွေးနွေးနေကြတယ်။ အခုက ပြည်တွင်းမှာ CDM တွေတိုက် နေတာရှိသလို ပြည်သူတွေဒုက္ခရောက်လို့ ကူညီရတာတွေလည်းရှိတယ်။ ပြီးတော့ ဒီတော်လှန်ရေးမှာ တစ်ခြားအရေးတကြီးလိုအပ်တဲ့ဟာတွေကလည်း ရှိနေတယ်။ တိုက်ပွဲဝင်ဖို့ တပ်ထူထောင်တာကအစ လိုနေတာတွေရှိနေတော့ CDM တွေကို ဒီတိုင်းပဲ ထောက်ပံ့ကူညီနေတာတွေက ရေရှည်မှာ အဆင် မပြေနိုင်ဘူး။ ဒါကြောင့် တစ်ခြားနည်းလမ်းတွေကို စဉ်းစားနေတယ်။ လမ်းစတွေရှာနေ တာ တွေရှိတယ်။ ကျွန်တော်တို့တော်လှန်ရေးအတွက်က CDM သည်လည်း အရေးကြီးတဲ့ ကဏ္ဍဖြစ် နေတယ်လေ။

မေး - CDM သမားတွေအတွက် ကြီးမားတဲ့အခက်အခဲဖြစ်တဲ့ ဝန်ထမ်းချေးငွေတွေ ပြန်ဆပ်ဖို့ ဖိအားပေးနေတဲ့ ကိစ္စကိုရော ဘယ်လိုဖြေရှင်းလို့ရနိုင်မလဲ။

ဒုဝန်ကြီး - ကျွန်တော်တို့ ဒီကိစ္စကိုသိထားတယ်။ ကျွန်တော်တို့ကို လှမ်းပြောတာတွေရှိတယ်။ ဒီတော့ ဒီကိစ္စကို ဝန်ကြီးဌာနကို တင်ပြပြီးတော့ ဘာလုပ်လို့ရနိုင်မလဲဆိုတာကို ဆွေးနွေးအကြံဉာဏ်ယူဖို့ လုပ်ထားတယ်။ ဒါဟာ ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်အရင်ကတည်းက တွေးမိ တယ်။ ဝန်ထမ်းချေးငွေတွေကို အတိုးနှုန်းတွေရပ်ထားပေးဖို့နဲ့  ဒီကာလမှာ ကာလအပိုင်း အခြားတစ်ခုအထိ ပြန်ဆပ်ငွေမကောက်ခံဖို့ပေါ့လေ စသဖြင့် ကျွန်တော်တို့လုပ်ပေးနိုင်ရင်တော့ အရမ်း ကောင်းမှာပါ။ ဒီအတွက်လည်း ကျွန်တော်ကြိုးစားနေပါတယ်။

မေး - CDM ဝန်ထမ်းတွေကို သတင်းစကားပါးချင်တာများရှိမလား။

ဒုဝန်ကြီး - ကျွန်တော်တို့ CDM ဆိုတဲ့အတိုင်းပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုပေါ့။ ဒီနေရာမှာ အစိုးရဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ တကယ်ကိုအားပြင်းတဲ့ ပထမဦးဆုံးသော စစ်ကောင်စီရင်ဝကိုထိုးတဲ့ မြှားတစ်စင်းပဲ။ ဒီဟာကတော်တော်ကြီးကိုထိရောက်တယ်။ ဒီ CDM ဆက်ပြီး အရှိန်မြှင့်ထားနိုင်မှ ဆက်ရှိနေမှ ဒီတော်လှန်ရေးက ပိုမြန်မြန်ဆန်ဆန်ပြီးမယ်။ ကျွန်တော်တို့ကအခု နောက်ဆုံးသောနည်းဖြစ်တဲ့ လက်နက်နဲ့တိုက်မယ့် လမ်းကိုလျှောက်လှမ်းလိုက်ပေမယ့် CDM က မလိုတော့မဟုတ်ဘူး။ အရမ်းအရေးကြီးတယ်။ ဒါကို ဆက်ပြီး တောင့်ခံနိုင်ဖို့အတွက် ကျွန်တော်တို့ NUG အစိုးရကနေ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ CDM ဝန်ထမ်းတွေအနေနဲ့လည်း တစ်ခြားဘာမှမလုပ် နိုင်ဘူးဆိုရင်လည်း အားငယ်စရာမလိုဘူး။ CDM လုပ်တာကိုက အရေးကြီးတဲ့ တိုက်ပွဲမှာ ပါဝင်နေတာ ဖြစ်တယ်လို့ ပြောချင်တယ်။

မေး - စက်ရုံအလုပ်သမားတွေ သိသင့်တဲ့ သတင်းအချက်အလက်တွေများ ရှိမလား။

ဒုဝန်ကြီး - အလုပ်သမားတွေကို ပြောချင်တာကတော့ ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ရဲ့ အလုပ်သမား တွေဟာ အများကြီးဆက်ပြီး ထိခိုက်နိုင်တယ်။ စက်ရုံတစ်ရုံမှာ အလုပ်သမားတွေမှာ ရာနဲ့ ထောင်နဲ့ ချီပြီးတော့ ရှိနေတာဆိုတော့ စက်ရုံတစ်ရုံပိတ်လိုက်တာနဲ့  အများကြီးထိခိုက်နိုင်တယ်။ အခုတိုက်ပွဲမှာ လည်း စပြီးဆန္ဒပြပြီ တိုက်ပွဲစပြီဆိုတာနဲ့ အလုပ်သမားတွေဟာ ရှေ့ဆုံးကနေပါဝင်လာတာဖြစ်တယ်။ တိုက်ပွဲဝင်နေရင်းကနေ အဖမ်းခံရတာတွေ၊ အသတ်ခံရတာတွေ အများကြီးရှိတယ်။ ခုလည်း စက်ရုံတွေ တစ်ခုပြီးတစ်ခုပိတ်နေတာမျိုးတွေ ဖြစ်နေတယ် ဆိုတော့ ကျွန်တော်တို့ ဝန်ကြီးဌာနကနေ ဒီအလုပ် သမားတွေကို ဘယ်လိုကူညီလို့ရမလဲဆိုတာကို စဉ်းစားနေတယ်။ ဆွေးနွေးနေတယ်။ ဒီတော့ အလုပ်သမားတွေဟာ တိုက်ပွဲအစမှာကတည်းက ပါခဲ့ကြသလိုပဲ အခုအလုပ်လက်မဲ့ဖြစ်သွားပြီ ဆိုရင် လည်း ကျွန်တော်တို့ဘက်က ကူညီနိုင်သလောက် အစွမ်းကုန်ကူညီမယ်။ အလုပ်သမားတွေအ နေနဲ့ လည်း ကိုယ်နိုင်တဲ့ဘက်ကနေ တိုက်ပွဲဝင်ပေးကြဖို့ပြောချင်တယ်။ ကျွန်တော်တို့ရဲ့ တိုက်ပွဲတွေဟာ ပိုပြီး ကြမ်းတမ်းလာဖို့ပဲရှိတယ်။ လက်နက်ကိုင်တိုက်ပါဲမှာမပါနိုင်ရင်လည်း ပါဝင်နိုင်တဲ့ တိုက်ပွဲနည်း နာပေါင်းစုံနဲ့ တိုက်ပွဲဝင်ပေးကြပါ။ ကျွန်တော်တို့ NUG ကနေလည်း စားဝတ်နေရေး အဆင်ပြေဖို့ ဘယ်လိုကူညီဆောင်ရွက်ပေးရမလဲဆိုတာကို ဆွေးနွေးအဖြေရှာနေပါပြီဆိုတာ သတင်းပါးချင်ပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...