ချင်းပြည်နယ်၊ မတူပီမြို့ကို မေ ၂၁ ရက်နေ့ မနက် ၈ နာရီအချိန်မှစ၍ တယ်လီနောဖုန်းလိုင်းနှင့် လျှပ်စစ်လိုင်း ဖြတ်တောက်ထားကြောင်း သိရသည်။
“တယ်လီနောလိုင်းက အဖြတ်ခံရတယ်။ ဘယ်ချိန်လောက်ပြန်ရမလဲ မသိရဘူး။ မနေ့ညကရသေးတယ်။ ဒီနေ့မနက် ၈ နာရီလောက်ကနေ မရတော့ဘူး။ ပြန်ပြီးအဖြတ်ခံရတယ်။ ဘယ်အချိန်လောက်ပြန်ဖွင့်မလဲ မသိဘူး။ သူတို့က ဖြတ်လိုက်ဖွင့်လိုက်နဲ့ အဲ့လိုပဲလုပ်နေတာ။ တယ်လီနောလိုင်းက ပုံမမှန်ဘူး။ အခုထိလည်း ပြန်မရသေးဘူး၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဖြတ် အဲ့မှာလည်း တစ်နေကုန်ပဲ ဒီနေ့ဆို နှစ်ကြိမ်ရှိပြီ” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။
မတူပီမြို့တွင် တယ်လီနောဆက်သွယ်ရေးလိုင်းကို အဓိကထားအသုံးပြုကြရပြီး ဆက်သွယ်ရေးဖုန်းလိုင်း ဖြတ်တောက်လိုက်ခြင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုရန် အခက်ခဲကြုံတွေ့နေရပြီး ယခုကဲသို့ ဖြတ်တောက်ခြင်းမှာ ဘာအတွက်ကြောင့် ဖြတ်တောက်သည်ကိုလည်း မသိရနိုင်သေးကြောင်း ၎င်းကပြောသည်။
ယမန်နေ့ညတွင်လည်း မတူပီမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ခဲ့ပြီး ယနေ့မနက် ၈ နာရီခွဲအချိန်တွင် ပြန်လည်လွတ်ပေးခဲ့ပေမယ့် မွန်းလွဲ ၁ နာရီ ခွဲအချိန်တွင် လျှပ်စစ်မီးလိုင်း ပြန်ဖြတ်တောက်လိုက်ကြောင်း သိရသည်။
မတူပီမြို့တွင် ယမန်နေ့ည ၉ နာရီအချိန်တွင် အာဏာသိမ်းစစ်ကောင်စီဖက်မှ စစ်ကား ၁၁ စီး၊ ဆိုင်ကယ် ၆ စီးဝန်းကျင့်ခန့်ဖြင့် ရောက်ရှိလာပြီး မည်သည့်ဖက်သို့ ဆက်သွားမည်ကို မသိရှိနိုင်သလို ယနေ့မနက်တွင် ရဟတ်ယာဉ်တစ်စီးရောက်လာကာ မွန်းလွဲ ၁၂ နာရီအချိန် မင်းတပ်မြို့မှ ပြန်လည်ထွက်ခွာခဲ့ကြောင်းလည်း သိရသည်။
Published
Saturday, May 22, 2021
မတူပီမြို့ကို ဆက်သွယ်ရေးလိုင်းနှင့် လျှပ်စစ်လိုင်းများ ဖြတ်တောက်ထား