စကစတပ်များက စစ်ဘေးဒုက္ခသည်ယောင်ဆောင်၍ တိုက်ခိုက်မှုကြောင့် Mindat - CDF တစ်ဦး ကျဆုံး

စကစတပ်များက စစ်ဘေးဒုက္ခသည်ယောင်ဆောင်၍ တိုက်ခိုက်မှုကြောင့် Mindat - CDF တစ်ဦး ကျဆုံး

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တာလပတ်များခြုံ၍ အရပ်ဝတ်များဝတ်ဆင်ကာ စစ်ဘေးဒုက္ခသည်ယောင်ဆောင်ပြီး မင်းတပ်မြို့နယ် ဘူးကွန်းကျေးရွာအနီးတွင် မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Mindat - CDF) ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် Mindat - CDF ဖက်မှ တစ်ဦးကျဆုံးကာ ကိုးဦးဒဏ်ရာရရှိမှု မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

“စစ်သားတွေက တာလပတ်တွေခြုံထားတယ်။ အရပ်ဝတ်နဲ့ သေနတ်တွေနဲ့လာတယ်။ တာလပတ်တွေခြုံ ထားတော့ ကျွန်တော်တို့ဘက်က ကင်းသမားတွေက သတို့ကို ဒုက္ခသည်တွေမှတ်နေတာ အနီးကပ်ရောက်တော့မှ ပစ်ခတ်တိုက်ခိုက်တာခံရတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်တယ် လက်နက်ကြီးတွေသုံးတယ်။ မိုးရွာနေတော့ ကျနော်တို့ဘက်က နည်းနည်းလေး အခက်အခဲဖြစ်တယ် တူမီးသေနတ်တွေက အခက်အခဲပြသာနာဖြစ်တယ် အဲလိုမျိူးဆိုတော့ မနေ့ကတိုက်ပွဲမှာ ကျွန်တော်တို့ဘက်က တစ်ယောက်တော့ကျသွားတယ်။ ကိုးယောက်လောက် ဒဏ်ရာရသူရှိတယ်။ သူတို့ဘက်ကတော့ သုံးဦးလောက်ကျတယ်" ဟု Mindat - CDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ အင်အား ၁၀၀ နာပါးခန့်ရှိပြီး မွန်းလွဲပိုင်း ၂ နာရီခန့်မှ ညနေပိုင်း ၆ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း ၎င်းကဆက်ပြောသည်။

မေ ၂၂ ရက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီက ဘူးကွန်းကျေးရွာဘက်သို့ စစ်အင်အားထပ်မံဖြည့်တင်းလာပြီး မင်းတပ်မြို့၏ အရှေ့မြောက်ဘက်ခြမ်း ထင်ချောင်းအပေါ်နားတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်တက်လာသည့်အတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာဖွယ်ရှိကြောင်း သိရသည်။

 

ဘူးကွန်းကျေးရွာသည် မင်းတပ်နှင့် ကန်ပက်လက်မြို့အကြား ချီချောင်းဒေသတွင်တည်ရှိသည့် ကျေးရွာဖြစ်ပြီး ဘူးကွန်းရွာအနီး မတပ်ရွာတွင် စစ်ဘေးရှောင်စခန်းရှိသည်ဟု သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...