ရခိုင်တွင် မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များ ရှင်းလင်းပေးမှု ထိရောက်မှုမရှိကြောင်း ဒေသခံများနှင့် မိုင်းအသိပညာရေးရေးအဖွဲ့က ပြောလိုက်သည်။
စစ်ကောင်စီက ရခိုင်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ စတင်လုပ်ကိုင်နေသည်မှာ ငါးလခန့်ရှိလာနေသော်လည်း ယင်းကြားထဲတွင် မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များပေါက်ကွဲ၍ သေဆုံးမှုများမှာ ရှိနေမှုများရှိနေသဖြင့် မိုင်းရှင်းလင်းရေးလုပ်ဆောင်မှုမှာ ထိရောက်မှုမရှိဖြစ်နေသည်ဟု မိုင်းအသိပညာပေးလုပ်ငန်းများလုပ်ကိုင်နေသူ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ဆိုသည်။
“နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ သူတို့ထောင်တဲ့မိုင်းကို သူတို့ရှင်းကြတယ်။ ကျွန်တော်တို့ သိရသလောက်ပေါ့။ ဒါပေမယ့် စစ်ဗျူဟာအရ နှစ်ဖက်တပ်တွေ လှုပ်ရှားလို့မရတဲ့ ကြားနေရာတွေပေါ့နော်။ အဲဒီနေရာတွေမှာ မိုင်းကမရှင်းနိုင်ဘူး။ ပြီးတော့ စနစ်တကျမဟုတ်ပဲ ပြီးစလွယ်ထောင်ထားခဲ့ကြတဲ့ မိုင်းတွေကိုကျတော့ ကိုယ်ဘယ်မှာထောင်ခဲ့လည်း မသိကြတော့ဘူး။ အဲလိုဟာတွေကြောင့် မိုင်းတွေ ဆက်လက်ပေါက်နေတယ်” ကိုဇော်ဇော်ထွန်းက ပြောသည်။
စစ်လက်နက်ပစ္စည်းများအား ရှင်းလင်းပေးရန် ကျေးရွာတချို့မှ တောင်းဆိုမှုများရှိခဲ့သော်လည်း လာရောက်ရှင်းလင်းပေးမှုများမရှိသည်ကို သိရှိရကြောင်း သူကဆက်ပြောသည်။
“တချို့ကျေးရွာတွေမှာ ကျေးရွာလူကြီးတွေကတဆင့် သက်ဆိုင်ရာကိုတင်ပြပေမယ့် လာမရှင်းပေးကြဘူးလို့ ကျွန်တော်တို့သိရတယ်။ ပြည်သူလူထု အန္တရာယ်ကျရောက်နေတဲ့အချိန်မှာ လူထုက တင်ပြလာတယ်ဆိုလို့ရှိရင် ပြည်သူလူထု၏ ထိခိုက်နစ်နာမှုကိုကြည့်ပြီး စေတနာပါပါနဲ့ လုပ်ပေးတာတွေ သိပ်နည်းသေးတယ်လို့ ကျွန်တော်တို့ထင်တယ်” ဟု မိုင်းအသိပညာပေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရခိုင်တိ်ုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ဆက်လက်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဘူးသီးတောင်မြို့နယ် နာရေးကူညီရေးအသင်းမှ ဒေါ်လှကျော့ခင်ကလည်း တပ်မတော်မှ မိုင်းရှင်းလင်းရေးလုပ်ဆောင်နေမှုများကို အားရကျေနပ်မှုမရှိပဲ ရှေ့ဆက်၍ ယခုထက် ဖိဖိစီးစီးလုပ်ကိုင်ပေးစေရန် တောင်းဆိုလိုကြောင်း ပြောသည်။
“မိုင်းရှင်းလင်းရေးလုပ်ပေးနေတာက ကျွန်မတို့ ဘူးသီးတောင်မပါသေးဘူး။ ဒီအကြားထဲ လွန်ခဲ့တဲ့ သုံးလလောက်ကလည်း ဘူးသီးတောင်မှာ မိုင်းပေါက်လို့ တစ်ယောက်က ပွဲချင်းပြီးသေဆုံးခဲ့တယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာရခဲ့တယ်။ ပြီးတော့ တိရစ္ဆာန်တွေ၊ နွားတွေလည်း ရံဖန်ရန်ခါမိုင်းနင်းမိလို့ သေနေကြတယ်။ အခုလည်း မိုင်းရှင်းနေတဲ့နေရာတွေမှာ စစ်လက်နက်အကြွင်းအကျန်တွေ အိမ်ယူလာလို့ ပေါက်တဲ့သတင်းတွေကြားနေရတယ်။ ဒါကြောင့် လုပ်တဲ့အလုပ်ကို ဖိဖိစီးစီးနဲ့ စေတနာထားလို့ လုပ်ပေးကြစေချင်တယ်။ ဘူးသီးတောင်ကိုလည်း ချန်မထားခဲ့စေချင်ဘူး။ မိုင်းရှင်းလင်းရေးလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်အတွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများမဖြစ်ပွားသည်မှာ ၆ လခန့်ရှိပြီဖြစ်သည်။
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်ဘက်မှ ၂ဝ၂ဝ ခုနစ် ဒီဇင်ဘာလအတွင်းကစတင်၍ စစ်တွေ-ရန်ကုန် ကားလမ်းတလျောက်နှင့် ရသေ့တောင်-အငူမော်ကား လမ်းဝဲယာတလျှောက်ကို မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ရှင်းလင်းခဲ့သည်။
အဆိုပါ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များနှင့်အညီ ကျေးရွာတချို့မှ မိုင်းရှင်းလင်းပေးရန် တောင်းဆိုအကြောင်းကြားလာပါက ရှင်းလင်းပေးရန် အဆင်သင့်ရှိကြောင်း ယခင်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောဆိုထားသည်။
ရခိုင်တွင် လက်နက်ကိ်ုင်ပဋ္ဋိပက္ခဖြစ်ပွားပြီးနောက်တွင် မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးသူ ၄၅ ဦးနှင့် ဒဏ်ရာရရှိသူ ၉၁ ဦးအထိရှိခဲ့ကြောင့် REC ၏ စာရင်းအရ သိရသည်။