ခန္တီးမြို့နယ်တွင် ရဲစခန်းနှင့် တပ်စခန်းလေးခုကို KIA က တိုက်ခိုက်ဖျက်ဆီး

ခန္တီးမြို့နယ်တွင် ရဲစခန်းနှင့် တပ်စခန်းလေးခုကို KIA က တိုက်ခိုက်ဖျက်ဆီး
by -
ခေါင်ညွယ် (KNG)

စစ်ကိုင်းတိုင်း ခန္တီး နမ့်စီဘွမ့် (Nam tsit Bum) ကျောက်စိမ်းမှော်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲကင်းတပ်စခန်း စုစုပေါင်း လေးနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

KIA အနေဖြင့် မကျန်ခကျေးရွာ ရဲကင်းတပ်စခန်းတစ်ခု၊ နမ့်စီဘွမ်ကျေးရွာ ကျောက်စိမ်းမှော်ရှိ ရဲကင်းတပ်စခန်းနှစ်ခုနှင့် စစ်တပ်ရင်းတစ်ခု စုစုပေါင်းလေးနေရာခန့်ကို မေ ၂၂ ရက် နံနက် ၄ နာရီတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း နမ်စီဘွမ့်ဒေသခံတစ်ဦးက ပြောသည်။

 

“မကျန်းခ ရဲကင်းတပ်စခန်းကိုတော့ မနက်ပိုင်း အစောကတည်းက မီးရှို့ဖျက်စီးပြီး သိမ်းလိုက်တယ်တဲ့။ နောက်ပြီးတော့ အခု နမ့်စီဘွမ့်မှော်ကြီးမှာရှိတဲ့တပ်ရင်းနဲ့ ရဲကင်းစခန်းကိုပြန်ပြီး မီးရှို့ဖျက်စီးလိုက်တယ်။ အားလုံးဝင်သိမ်းလိုက်တယ်လို့တော့ ကြားနေရပြီ” ဟု ပြောသည်။

 

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ အောက် တပ်ရင်း ၃၁ အဖွဲ့က အဆိုပါတပ်စခန်းများကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် နံနက် ၆ နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု သူက ဆက်ဆိုသည်။

 

မကျန်ခကျေးရွာ ရဲကင်းစခန်း အပြန်အလှန်တိုက်ပွဲဖြစ်ပွားရာတွင် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဘက်မှ သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးက ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေခံများပြောဆိုချက်မှ သိရသည်။

 

နမ့်စီဘွမ်မှော်တွင် ထပ်မံဝင်ရောက်တိုက်ခိုက်ချိန်တွင်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်မှုများပြားနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

 

မကျန်ခ (Machyang Hka) ကျေးရွာနှင့် နမ့်စီဘွမ့်ကျောက်စိမ်းမှော်မှာ အကွာအဝေး ၁ မိုင်ခန့်သာရှိပြီး မကျန်ခကျေးရွာသည် နမ့်စီးဘွမ့်မှော်၏ အောက်ဘက်တွင်ရှိနေကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...