ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့၏ တိုက်ပွဲများတွင် ရွာထဲအထိ လက်နက်ကြီးကျည်ကျရောက်သဖြင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း သိရသည်။
မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောနှင့် စီဟက်ကျေးရွာများအနီးတွင် မေ ၂၀ ရက် ညပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် ကျေးရွာများထဲအထိ ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဒေသခံများက ပြောသည်။
“ဟုတ်တယ်။ မနေ့ညက ဆက်တိုက်ပဲ ဒီမိုးမောက်ကနေတောင် ကြားနေရတာဟုတ်တယ်။ လက်နက်ကြီးအသံတွေရောပဲ။ တကယ်ဆို ဒီရက်ပိုင်းက တိုက်ပွဲမဖြစ်တာ နည်းနည်းကြာလာပြီ၊ စစ်တပ်က တခါခါ လက်နက်ကြီးတွေ ပစ်တာလောက်ပဲရှိတာ ဟုတ်တယ်။ အဲ့ဒါ မနေ့ညကတော့ တိုက်ပွဲပြန်ဖြစ်တာပေါ့။ စီဟက်ရွာကနှစ်ယောက် ဒဏ်ရာရတယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဒီ လက်နက်ကြီးကျည်စလား အဲ့ဒါမှန်တယ်ပြောတယ်။ အမျိုးသမီးက ပခုံးနဲ့ နောက်ကျောဘက်မှာ ဒဏ်ရာရသွားတယ်လို့ပြောတယ်” ဟု မိုးမောက်မြို့က ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါနေ့တိုက်ပွဲတွင် စီဟက်ကျေးရွာက အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၃၇ နှစ်အရွယ် အမျိုးသမီးမှာ ပခုံးနှင့် နောက်ကျောဘက်တွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့နှစ်ဦးကို ဗန်းမော်ဆေးရုံသို့ ပို့လိုက်ကြောင်း သိရသည်။
ထို့ပြင် လူနေအိမ်များ လက်နက်ကြီးကျည်ထိမှန်၍ နေအိမ် ၁၀ အိမ်ထက်မနည်း ပျက်စီးခဲ့ရပြီး ကုန်းလောကျေးရွာအတွင်းကလည်း ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ လူနေအိမ် ခုနစ်လုံးခန့်နှင့် စပါးကျီများ ပျက်စီးကုန်သည်ဟု ဒေသခံများက ပြောသည်။
လူနေအိမ်များ ထိမှန်ပျက်စီးခဲ့ရသည့် ကိစ္စနှင့်ပတ်သက်၍ သွားရောက်မှတ်တမ်းယူခဲ့သည့် မိုးမောက်ဒေသခံတစ်ဦးက “ဟုတ်တယ် မေ ၂၀ ရက် ည ၉ နာရီလောက်က စဖြစ်တာ။ မြို့သစ်၊ ကုန်းလော၊ ဒီ စီဟက် အဲ့ဒီဘက်တွေမှာဖြစ်တာ။ လက်နက်ကြီးတွေနဲ့လည်း နာရီဝက်တစ်နာရီလောက်ပစ်တယ်။ အိမ်တွေလည်း ထိပြီး ပျက်ကုန်တာအများကြီးပဲ။ စီးဟက်ဘက်မှာ ၁၀ လုံးမကဘူးနော်။ နောက်ပြီး ကုန်းလောက ဟိုးတခါက လက်နက်ကြီးကျည်ကျတဲ့ ဘုန်းကြီးကျောင်းလေ အဲ့ကျောင်းလည်း ခေါင်မိုးတွေပွင့်ကုန်တယ်၊ ပြီးတော့ အဲ့ကျောင်းရဲ့ ဆွမ်းစားဆောင်ထိတယ်။ ရွာသားတွေအိမ်တွေ၊ စပါးကျီတွေလည်း ပျက်ကုန်တယ်။ အဲ့မှာက အစက လူက သိပ်တော့မရှိတော့ဘူးနော် အားလုံးနီးပါးက ထွက်ပြေးနေတာ ရွာအစောင့်ပဲရှိတာ။ အခုက ဒီရက်ပိုင်းမှာ တိုက်ပွဲက နည်းနည်းငြိမ်တော့ တချို့လည်း စိုက်ပျိုးရာသီရောက်လာပြီဆိုတော့ သွားပြင်ဆင်တဲ့လူတွေလည်းရှိတယ်။ အဲ့ဒါ အကုန်ပြန်ထွက်ပြေးရတယ်” ဟု ပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများအနီးတွင် စစ်ကောင်စီတပ်၏ တပ်ရင်းများဖြစ်ကြသည့် တပ်ရင်း ၃၂၀ နှင့် တပ်ရင်း ၃၈၇ တို့ရှိပြီး အဆိုပါတပ်ရင်းများအတွင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က မတ်လကတည်းက ပြန်လည်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများကြောင့် အလော့ဒ်ဘွမ် (စခန်းကုန်း) အပါအဝင် ၎င်းတို့၏ စခန်းကုန်းငယ်အချို့ ဆုတ်ပေးလိုက်ရသည့်နောက် မိုးမောက်မြို့နယ်အတွင်း စစ်အင်အားများ ဖြည့်တင်းကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားများ ဆက်တိုက်ဖြည့်တင်းနေပြီး မေ ၁၇ ရက်ကလည်း လေကြောင်းဖြင့် လူအင်အားများ ထပ်မံဖြည့်တင်းလျှက်ရှိသည်ဟု KIO/KIA က ပြောသည်။
Published
Monday, May 24, 2021
ကချင်တွင် ရွာထဲအထိ လက်နက်ကြီးကျည်ကျရောက်သဖြင့် ပြည်သူများထိခိုက်