ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ တက်ရောက်မည်မဟုတ်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဌ ဦးစိုင်းဌေးအောင်က ပြောသည်။
အဆိုပါ ပါတီအနေဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံပွဲ တက်သင့်၊ မသင့် ဗဟိုအစည်းအဝေးပြုလုပ်၍ မဲခွဲဆုံးဖြတ်ခဲ့ရာ မတက်သည့်ဘက်က တစ်ဦးအသာဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
“ကော်မတီကမဲခွဲတော့ တက်မယ့်သူက ရှစ်ယောက်၊ မတက်မယ့်သူက ရှစ်ယောက်ဆိုတော့လေ နောက်ဆုံးကျတော့ ကျွန်တော်ပဲဆုံးဖြတ်ပေးရတာ။ အားလုံးပေါင်း ၁၇ ရှိတယ်ဆိုတော့ အဲတော့ ကျွန်တော်က မတက်ဘူးလို့ဆုံးဖြတ်လိုက်လို့မတက်ဖြစ်တာပါ” ဟု ပါတီမှ ဥက္ကဌ ဦးစိုင်းဌေးအောင်ကပြောသည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သော ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေပါတီများ ပထမအကြိမ် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ပါတီတစ်ခုလည်းဖြစ်သည်။
ယင်းသို့ တက်ရောက်မှုနှင့်ပတ်သက်၍ ၎င်းတို့သည် လေ့လာသည့်အနေဖြင့် နိုင်ငံရေးအကဲခတ်နိုင်ရေးနှင့် နားထောင်ရန်အတွက်သာ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ရှမ်းနီပါတီက ပြောဆိုထားသည်။
“ကျွန်တော်ထင်တယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သွားတွေ့တဲ့ ပါတီအများစုမှ သူ့လူမျိုး၊ တိုင်းရင်းသားတွေက သိပ်ကြိုက်ကြပုံမရဘူးဗျ။ အဲတော့ နိုင်ငံရေးပါတီတစ်ခုက ပြည်သူမကြိုက်ရင်ဘာမှလုပ်လို့မရတော့ဘူး။ တစ်ချို့ဟာတွေကို အသာလေး လက်ရှောင်နေလိုက်သင့်တယ်” ဟု ရှမ်းနီပါတီနိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။
နိုင်ငံပါတီများနှင့်တွေ့ဆုံရန် မေ ၁၀ ရက် ရက်ဆွဲဖြင့် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားထားပြီး မေ ၂၁ ရက်တွင် တွေ့ဆုံစီစဉ်ထားခြင်းဖြစ်ကြောင် းသိရသည်။