စစ်တွေ ပါဒလိတ်ကျေးရွာအနီးရှိ အမှတ် ၂၃၂ တပ်ရင်းတွင် လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မည်ဟုဆို

စစ်တွေ ပါဒလိတ်ကျေးရွာအနီးရှိ အမှတ် ၂၃၂ တပ်ရင်းတွင် လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မည်ဟုဆို
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာအနီး အမှတ် (၂၃၂) တပ်ရင်းတွင် သုံးရက်တိုင်တိုင် လက်နက်ငယ်များစမ်းသပ်ပစ်ခတ်မည်ဖြစ်ကြောင်း နီးစပ်ရာကျေးရွာများသို့ အကြောင်းကြားလာသည်ဟု ကျေးရွာလူကြီးများက ပြောကြားသည်။

အဆိုပါ ကျေးရွာအနီးရှိ တပ်ရင်းအနေဖြင့် မေ ၁၉ ရက်မှ မေ၂၁ ရက်အတွင်း လက်နက်ငယ်များစမ်းသပ် ပစ်ခတ်မည်ဖြစ်ကြောင်း ရွာများကို သတိပေးထားသည်ကြောင်း သိရသည်။

ကြွီတဲကျေးရွာစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်မြသိန်းက “ကျွန်တော်တို့ကို မနေ့(မေ ၁၈ရက်)ညက မြို့နယ်ရုံးက ဆက်သွယ်လာတာကတော့ မနက် ၈ နာရီကနေစပြီး စမ်းသပ် ပစ်ခတ်မယ်ဆိုပြီးတော့ပြောတယ်။ သူတို့ကတော့ ရွာကလူတွေကို သတိပေးထားလိုက်၊ ရွာသားတွေ မကြောက်ရအောင်ဆိုပြီးတော့ ပြောတယ်” ဟု ပြောသည်။

လက်နက်ငယ် ပစ်ခတ်သံများကြောင့် ရွာသားများ စိုးရိမ်ကြောက်လန့် မသွားစေရန်အတွက် နီးစပ်ရာကျေးရွာများသို့ အကြောင်းကြားထားသည်ဟု ၎င်းကပြောဆိုသည်။

ပါဒလိတ်ကျေးရွာ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်လှိုင်အေးကလည်း အမှတ် (၂၃၂ ) တပ်ထဲတွင် လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မည်ဖြစ်၍ တပ်ဧရိယာထဲသို့ ကျွဲ၊ နွား၊ တိရစ္ဆာန်များနှင့် လူများဖြတ်သန်း သွားလာခြင်း မပြုလုပ်ရန် သတိပေးထားသည်ဟု ပြောသည်။

“ကျွန်တော်တို့ကို ၂၃၂ တပ်က ဗိုလ်မှူးတစ်ယောက်က သတင်းပို့ပါတယ်။ ကျွန်တော်တို့တပ်မှာ လက်နက်ငယ်တွေ စမ်းသပ်ပစ်ခတ်ဖို့ရှိတယ်ဆိုပြီးတော့ပြောတယ်။ ကျွန်တော်တို့ရွာနဲ့ နီးစပ်တဲ့ အတွက်ကြောင့် စစ်တပ်ဧရိယာထဲကို ကျွဲ၊ နွား၊ တိရစ္ဆာန်တွေနဲ့ လူတွေဖြတ်သန်းမသွားဖို့ ကျွန်တော်တို့ကို အကြောင်းကြားတယ်” ဟု ၎င်းကပြောသည်။

အမှတ် (၂၃၂) တပ်ရင်းတွင် လက်နက်ငယ်များ ပစ်ခတ်မည်ဟုဆိုသော်လည်း ယခုအချိန်ထိ ပစ်ခတ်သံများ မကြားမိသေးကြောင်း နီးစပ်ရာ ဒေသခံကျေးရွာသားများက မေ ၁၉ရက် နံနက် ၉ နာရီ၌ ပြောသည်။

ရခိုင်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းကို သတင်း အတည်ပြုနိုင်ရန် အတွက် မေးမြန်းရာ အမှတ် (၂၃၂) တပ်ရင်းတွင် လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မည်ကို သူအနေဖြင့် မသိရှိကြောင်း ပြောသည်။

“ပစ်တယ်ဆိုရင်လည်း သူတို့တပ်ရင်းထဲမှာ စက်ပစ်ကွင်းရှိတယ်။ စက်ပစ်ကွင်းမှာ G3၊ G4 သေနတ်တွေကို စမ်းကြည့်ဖို့ဖြစ်တယ်။ အရင်တုန်းက စစ်တပ်မှာ ကိုင်ခဲ့တဲ့ G3၊ G4 သေနတ်တွေဟာ တပ်ထဲမှာ ကျန်နေသေးတယ်။ အဲဒီသေနတ်တွေကို စက်ပစ်ကွင်းမှာ စမ်းသပ်ပစ်ခတ်ဖို့ဟာဖြစ်တယ်။ ဒါပေမဲ့ ပါဒလိတ်အနားက တပ်မှာ ပစ်ဖို့၊ မပစ်ဖို့ဆိုတာကိုတော့ ငါမသိဘူး” ဟုပြောသည်။

အမှတ် (၂၃၂) တပ်ရင်းသည် ပါဒလိတ်ကျေးရွာနှင့် အမြင့်ကျွန်း ကျေးရွာအကြား ရန်ကုန်- စစ်တွေ ကားလမ်းမဘေးတွင် တည်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...