ချင်းပြည်နယ် မင်းတပ်နှင့် မတူပီလမ်း မိုင် ၃၀ နှင့် ၄၀ ကြားတွင် မေ ၁၇ ရက်နေ့ကဖြစ်သော တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်များအသုံးပြုသော လက်နက်များသည် ဓာတုလက်နက်များ ဖြစ်နိုင်ဖွယ်ရှိကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
စကစမှ အသုံးပြုသည့် ယင်းလက်နက်ကြီးများသည် ယခင်လက်နက်ကြီးများနှင့် မတူဘဲ CDF-Mindat ရဲဘော်အချို့သည် ဗုံးဆံများမထိ၊ ပြင်ပဒဏ်ရာများမရှိသော်လည်း မူးဝေခြင်း၊ အော့အန်ခြင်း၊ အရုပ်ကြိုးပြတ် အားနည်းခြင်းများဖြစ်၍ တွဲကူထမ်းထုတ်ရသည့် အခြေအနေများ တွေ့ကြုံရကြောင်း ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ရဲဘော်တွေက ဘာဒဏ်ရာမှလည်းမရဘဲနဲ့ မူးဝေပြီး အော့အံကြတယ်။ အသက်ရှုရတာခက်ကြတယ်။ အဲလိုမျိုးဖြစ်ကြတယ်" ဟု မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခုအခါတွင် မြို့တွင်းတိုက်ပွဲ၊ မြို့အရှေ့တိုက်ပွဲများ မရှိတော့သော်လည်း မြို့အနောက်ပိုင်း မင်းတပ်-မတူပီလမ်းတွင် ယမန်နေ ့က တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၁၂ ရက်က မတူပီမှ ဆင်းလာသော စစ်ကားခြောက်စီး လမ်းတွင် အကြိမ်ကြိမ်ဖြတ်တိုက်ခံရပြီး မင်းတပ်မြို့သို့ မရောက်နိုင်ဖြစ်ရာ မေ ၁၅ ရက်တွင် မတူပီမှ စစ်ကူစစ်ကား နောက်ထပ်ခုနစ်စီး ထပ်မံဆင်းလာကာ စကစတပ်များသည် RPG များ၊ လောင်ချာများ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးများကို ဆက်တိုက်သုံးလာခဲ့သည်။