ဖမ်းဆီးထားသော အမျိုးသမီးများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကရင်နီအမျိုးသမီးအစည်းအရုံးဥက္ကဌ တောင်းဆို

ဖမ်းဆီးထားသော အမျိုးသမီးများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကရင်နီအမျိုးသမီးအစည်းအရုံးဥက္ကဌ တောင်းဆို
by -
နော်ဒွေးအယ်ခူ (KT)

စစ်ကောင်စီအနေဖြင့် ဖမ်းဆီးထားသော အမျိုးသမီးများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကရင်နီအမျိုးသမီးအစည်းအရုံးဥက္ကဌ မမီးမီးက တောင်းဆိုလိုက်သည်။

ဆက်လက်၍ ၎င်းက စစ်ကောင်စီအနေဖြင့် အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

 

ကယားပြည်နယ်အတွင်း စစ်ကောင်စီက အမျိုးသမီးနှင့် လူငယ် ၈၀ ကျော်ကို ဖမ်းဆီးထားပြီး တချို့ကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခြင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

“အမျိုးသမီးအခွင့်အရေးတွေ လုံးဝ ထိပါးနှောက်ယှက်ခြင်းမရှိပဲ ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့အနေနဲ့ လိုလားတယ်ပေါ့နော်။ သူတို့တွေကလည်း အဲ့လိုမျိုး စစ်ဆေးမေးမြန်တဲ့အခါမှာပေါ့နော်။ ဒါပြန်လာတဲ့သူတွေရဲ့ပြောပြချက်အရပေါ့။ အရမ်းကြောက်သွားအောင် ဒီအကြောက်တရားတွေက စိတ်ဒဏ်ရာရသွားအောင်။ သူတို့တွေက လုပ်တာလေ အဲ့လိုလုပ်တော့ သူတို့ရှေ့ဆက်ရမယ့် အနာဂတ်မှာ ကြောက်စိတ်တွေနဲ့ ကိုယ့်ကိုကိုမလုံခြုံတော့ပဲနဲ့ တွေ့နဲ့လူတိုင်းကို ဒါဘယ်လိုမျိုးတွေလုပ်မလားဆိုတဲ့စိတ်တွေ ဝင်သွားပြီးတော့မှ ကလေးတွေက ကလေးတွေပဲဖြစ်စေ အမျိုးသမီးတွေဖြစ်စေ နောက်လာမယ့် အနာဂတ်တွေမှာ ကြောက်စိတ်တွေနဲ့ ရှင်သန်ရမှာပေါ့နော။ အဲ့လောက်အထိ သူတို့တွေက အခွင့်အရေးတွေချိုးဖောက်ပြီးတော့ စစ်ဆေးမေးပြီး နှိပ်စက်တာမျိုးတွေ အကန်လုံး သတင်းတွေမှာလည်း တွေနေရတယ်ပေါ့နော်။ အနာဂတ်မှာတော့ သူတို့စိတ်ဒဏ်ရာရပြီးတော့ ကြောက်စိတ်တွေနဲ့ မလုံမခြုံနဲ့ရှင်သန်ရမှာပေါ့နော်” ဟု မမီးမီးကပြောသည်။

 

ပြီးခဲ့သည့် မေ ၁၂ ရက် ညနေပိုင်းက လွိုင်ကော်မြို့ နာနတ်တောသပိတ်စစ်ကြောင်း ဖြိုခွဲချိန် စစ်ကောင်စီအုပ်စုက အသက် ၁၈ နှစ်မပြည့်သေးသူအပါအဝင် ၁၄ ဦးကို ဖမ်းဆီးခဲ့သည်။

 

အသက်မပြည့်သေးသူအားလုံးအပါအဝင် စုစုပေါင်း ရှစ်ဦးကို နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး ကျန်အမျိုးသမီးခြောက်ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့သည်။

 

စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် အမျိုးသမီးခြောက်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) မှ တာဝန်ရှိသူတစ်ဦးက တောင်းဆိုထားသည်။

 

ပြီးခဲ့သည့် မေ ၁၄ ရက်က လွိုင်ကော်မြို့နယ် တရားရုံးချိန်းတွင် စစ်ဆေးမေးမြန်းခဲ့ပြီး ဒုတိယအကြိမ်ရုံးချိန်းကို မေ ၂၆ ရက်တွင် ပြလည်ရုံးချိန်းခဲ့ကြောင်းနှင့် လက်ရှိတွင် ၎င်းတို့ကို လွိုင်ကော်အကျဉ်းထောင်၌ထားရှိကြောင်း သိရသည်။ 

 

ဖမ်းဆီးခံထားရသည့် အသက် ၄၈ နှစ်အရွယ်ရှိသူ အမျိုးသမီးတစ်ဦး၏ သမီးဖြစ်သူက မိခင်နှင့် တွေ့ခွင့်မရသည့်အတွက် စိတ်ပူနေကြောင်းပြောသည်။

 

"ဒီလိုမျိုး အမျိုးသမီးတွေကို တကယ်တမ်း အမျိုးသမီးအခွင့်အရေးနဲ့ဆိုလို့ရှိရင် အမျိုးသမီးတွေကို ရိုက်နက်တာတွေလည်း မဖြစ်စေချင်ဘူး။ အခုကြားတာလေ ဟုတ်လားတော့မသိဘူး။ စစ်မေးတဲ့အခါမှာ နှိပ်စက်တာတွေရှိတယ်လို့ ကြားသလိုဖြစ်နေလို့။ ဒါပေမယ့် လူတော့မတွေ့ရသေးလို့ စိတ်ပူနေတာရှင့်။ အမျိုးသမီးဆိုတော့လေ အတတ်နိုင်ဆုံးတော့ သက်ညာရမှာပေါ့လေ။ ဘာဖြစ်လို့လဲဆိုရင် အမျိုးသမီးအခွင့်အရေးတွေတော့ရှိနေသေးတယ်လေနော့" ဟု ၎င်းကပြောသည်။

 

စွမ်းရည်မြင့်သင်တန်းတက်ရောက်ပြီး ပြန်လာသည့်လူငယ်များကို ဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး နယ်မြေတည်ငြိမ်းရေးအရ ပြန်လွှတ်ပေးရန် တောင်းဆိုထားကြောင်း KSCC ပြောခွင့်ရသူက ပြောသည်။

 

“သူတို့က ကျွန်တော်တို့ကို စွပ်စွဲတာပေါ့။ နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိခိုက်အောင်လုပ်တယ်တို့ ဘာတို့ညာတို့ပေါ့။ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်အောင်လုပ်တယ်လို့ ပြောတာပေါ့။ ဒါပေမယ့် ဒါက ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပဲ။ ဒါက ကျွန်တော်တို့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒါ လူငယ်မှာရှိသိရှိထိုက်တဲ့ စွမ်းရည်ကို မြင့်တင်ပေးတဲ့သင်တန်းပဲဖြစ်တယ်။ ဆယ်ရက်ကျော်လောက်ပဲရှိတယ်။ ဆယ်ရက်ကျော်လောက်နဲ့တော့ တိုက်ခိုက်ရေးသမားဖြစ်မသွားဘူး။ စစ်ရေးအမြင်အရ သူတို့အားလုံးလည်း ဒါကိုသိပြီးသားဖြစ်တယ်။ ဆိုတော့ ဒါကို ကျွန်တော်တို့က နယ်မြေတည်ငြိမ်ရေးကို ရှေးရှုပြီးတော့မှ သူတို့ကိုပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ပြောထားတာရှိတယ်” ဟု ၎င်းကပြောသည်။ 

 

စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း နေ့စဉ် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွဲပြီး ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်း၊ ထောင်ချခြင်းများပြုလုပ်နေသလို ဧပြီ ၃၀ ရက်ကလည်း ဖရူဆိုမြို့အဝင်ဂိတ်တွင် စွမ်းရည်မြှင့်သင်တန်းမှပြန်လာသည့် လူငယ် ၇၄ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...