DMG သတင်ဌာနအား တရားစွဲဆိုထားသည့် ပုဒ်မအပါအဝင် သတင်းထုတ်ဝေခွင့်များနှင့်ပတ်သက်၍ ရဲစခန်းဆင့်ခေါ်

DMG သတင်ဌာနအား တရားစွဲဆိုထားသည့် ပုဒ်မအပါအဝင် သတင်းထုတ်ဝေခွင့်များနှင့်ပတ်သက်၍ ရဲစခန်းဆင့်ခေါ်
by -
ကောင်းကျော်နိုင် (BNI)

ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းဌာနအား တရားစွဲဆိုထားသည့် ပုဒ်မအပါအဝင် သတင်းထုတ်ဝေခွင့် ကိစ္စများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံယူရန် ရဲစခန်းက ခေါ်ယူထားကြောင်း DMG သတင်းဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါသတင်းဌာန ရုံးအုပ် ကိုဇော်ဇော်က “ကျွန်တော်တို့ကို မနေ့က ညနေ ၇ နာရီလောက်မှာ ရဲစခန်းကနေ ဖုန်းဆက်အကြောင်းကြားလာတယ်။ ကျွန်တော် တာဝန်ခံအယ်ဒီတာကိုမိုးဇော်ကိုပေါ့။ အရင်က ပုဒ်မတွေအပြင် ကျွန်တော်တို့သတင်းဌာနရဲ့ သတင်းထုတ်ဝေခွင့်နဲ့ပတ်သက်ပြီး မေးမြန်စရာရှိတယ်ပေါ့။ အရင်က တရားစွဲခံထားရတဲ့ သတင်းထောက်နှစ်ယောက်ကိုရော ခေါ်တယ်။ ကျွန်တော်နဲ့ ကိုမိုးဇော်တို့သွားပါမယ်” ဟုပြောသည်။

ကိုမိုးဇော်နှင့် ကိုဇော်ဇော်တို့အနေဖြင့် မေ ၁၆ ရက် မွန်းလွဲ ၃ ခန့်တွင် စစ်တွေမြို့နယ်အမှတ် (၂) ရဲစခန်းသို့ အစစ်ဆေးခံယူရန် သွားရောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီအပေါ်မှာ ဒီလိုကြီးလေးတဲ့အပြစ်တွေနဲ့ တရားစွဲဆိုတာကတော့ မသင့်တော်ဘူး။ ဒီဟာက ကျွန်တော်တို့ သတင်းသမားတွေကို ခြိမ်းခြောက်သလိုမျိုးခံစားရတယ်” ဟု ၎င်းကပြောသည်။

ထိုသို့ ခေါ်ယူခြင်းနှင့်ပတ်သက်၍ စစ်တွေမြို့နယ် အမှတ် ၂ ရဲစခန်းအား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပေ။

အဆိုပါ DMG သတင်းဌာနမှ ဒု-တာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့ကို ယခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့က “ကျောက်တော်မြို့နယ် မာလာကျေးရွာမှ စပါးတောင်း ၇၀၀ ကို တပ်မတော်က ယူဆောင်သွား” ဆိုသည့်သတင်းအား ရေးသားမှုကြောင်း ပုဒ်မ ၅ဝ၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။

ထို့ပြင် အဆိုပါသတင်းဌာန၏ နယ်သတင်းထောက်တစ်ဦဖြစ်သည့် မောင်တောမြို့နယ်မှ ကိုအောင်ကျော်မင်းကိုလည်း မောင်တောမြို့နယ် လမ်းတံတားအထူးအဖွဲ့ ၄က ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့သေးသည်။

အဆိုပါသတင်းဌာန၏ အယ်ဒီတာချုပ် ဦအောင်မင်းအား ပြီးခဲ့သည့် ၂ဝ၁၉ ခုနစ် မတ် ၁၁ ရက်က သတင်းတပ်ဖွဲ့ (SB) က မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၂) ဖြင့် အမှုဖွင့်ထားခြင်းခံထားရကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...