ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်တင်းမရွာသားများ နေရပ်ပြန်ရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပစက) ထံသို့ ဒုတိယအကြိမ် စာရေးတောင်းဆိုခဲ့ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် နေရပ်ပြန်ရန် မေ ၁ဝ ရက်က ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီထံသို့ ဒုတိယအကြိမ် စာရေးတောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယင်းဒေသခံများအနေဖြင့် တင်းမရွာကို စွန့်ခွာလာခဲ့သည်မှာ တစ်နှစ်ကျော်လာပြီဖြစ်သဖြင့် မိမိနေရပ်သို့ လုပ်ကိုင်စားသောက်ရန် ပြန်လိုကြောင်း ကျောက်တော် မြို့သစ်စစ်ဘေးရှောင်စခန်းမှ ဦးထွန်းသိန်းက ပြောသည်။
“တစ်လကို ဆန်ခြောက်ပြည်နဲ့ ငွေတစ်သောင်းခွဲ အကူညီရတယ်။ အဲဒါနဲ့ ဦးလေးတို့ စားသောက်ရေး ဘယ်လိုမှအဆင်မပြေဘူး။ အပြင်ထွက်ပြီးတစ်နေ့သုံးထောင်နဲ့ နေ့စားလုပ်ပြီး စားရတယ်။ ဒီလိုရပ်တည်လို့ မဖြစ်နိုင်တော့ဘူး။ မိုင်းအန္တရာယ်နဲ့ စစ်လက်နက်အကြွင်းအကျန်တွေကိုလည်း ကြောက်တယ်။ ကလေးတွေကောက်ယူလာပြီး ပေါက်ကွဲနေတာတွေ ကြားနေရတော့လေ။ ဒါပေမယ့် ဦးလေးတို့ စစ်ဘေးရှောင်စခန်းတွေမှာ ထပ်မနေချင်တော့ဘူး” ဟု ၎င်းကပြောသည်။
စစ်ဘေးရှောင် တင်းမရွာသားများသည် နေရပ်ပြန်လိုကြောင်း ယခုနှစ် ဧပြီ ၂၆ ရက်ကလည်း ပြည်နယ်ကောင်စီသို့ ပထမအကြိမ် တင်ပြတောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းမပြန်သဖြင့် ယခု ဒုတိယအကြိမ် တင်ပြတောင်းဆိုရခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
ပထမအကြိမ် တင်ပြတောင်းဆိုရာတွင် တင်းမရွာသားများအနေဖြင့် ရွာနှင့် ရွာအနီးရှိ တောတောင်များကို မိုင်းနှင့် စစ်ကျန်လက်နက်များ ရှင်းလင်းပေးရန်၊ လက်နက်ကြီးကျည်ကျ၍ ဘုန်းတော်ကြီးကျောင်းနှင့် သိမ်ဓမ္မာရုံတို့ကို ပြုပြင်ပေးရန်၊ ကျေးရွာအတွင်းမီးလောင် ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်တည်ဆောက်ပေးရန်၊ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကူညီပေးရန်၊ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေသည့် တင်းမကျေးရွာသားများကိစ္စကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် စသည့်အချက်များပါဝင်ကြောင်း သိရသည်။
တင်းမဆရာတော် ဝါယာမိန္ဒက “ဒီအချက်တွေဟာ တစ်ရွာလုံးက စစ်ဘေးရှောင်တွေ လိုအပ်တာတွေဖြစ်တယ်။ ဒီအချက်တွေကို ပြည်နယ်ကောင်စီတို့၊ နိုင်ငံတော်ကောင်စီတို့ ဘယ်လောက်လိုက်နာဆောင်ရွက်ပေးမလဲ၊ ဘယ်လောက်စေတနာထားမလဲ ဆိုတဲ့အပေါ်မှာမူတည်ပြီး တောင်းဆိုတာ။ ကိုယ်တော်ကိုယ်တိုင်ဦးဆောင်ပြီး တောင်းဆိုထားတာ” ဟု မိန့်ကြားခဲ့သည်။
တင်းမရွာသားများ တောင်းဆိုထားခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းအား ဆက်သွယ်မေးမြန်းရာ တင်းမရွာသားများ နေရပ်ပြန်ရန် တောင်းဆိုသည်မှာ ဟုတ်မှန်ကြောင်း ပြောသည်။
“နှစ်ကြိမ်ရှိပြီတောင်းဆိုတာ။ ပထမတစ်ကြိမ်က နည်းနည်းကြာပြီ။ ဒီတစ်ကြိမ်က မေလ ၁ဝ ရက်နေ့ကပါ။ ရွာကိုပြန်ချင်နေကြတာ ဟုတ်တယ်။ တစ်ဆင့်ချင်း ဆောင်ရွက်သွားဖို့ရှိပါတယ်။ နေအိမ်တွေ ပြန်ဆောက်ပေးဖို့လိုတဲ့အတွက် လုပ်ဆောင်နေရတာတွေ ရှိတယ်” ဟု ဦးသန်းထွန်းက ပြောသည်။
တင်းမကျေးရွာအုပ်စုတွင် အိမ်ခြေ ၈ဝဝ ကျော်ရှိပြီး လူဦးရေ ၃ဝဝဝ ခန့်နေထိုင်ခဲ့သော်လည် ၂ဝ၂ဝ ခုနစ် မတ် ၁၉ ရက်က ရွာသားများ ရွာကိုစွန့်ခွာထွက်ပြေးခဲ့ပြီးနောက် တစ်ဦးတစ်ယောက်မှ ရွာတွင်နေထိုင်ခြင်းမရှိကြောင်း သိရသည်။
ယင်းနောက်ပိုင်းတွင် ကျေးရွာအတွင်းနေအိမ် ၁၃၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဘုန်းတော်ကြီးကျောင်း၊ သိမ်၊ ဓမ္မာရုံအပါအဝင် နေအိမ်စုစုပေါင်း ၂ဝဝ ကျော် ပျက်စီးနေကြောင်း ကျေးရွာသားများနှင့် ဒေသခံများ၏ ပြောပြချက်အရ သိရသည်။