ချင်းပြည်နယ်၊ မတူပီမြို့တွင် မေ ၁၃ ရက် ညနေ ၅ နာရီအချိန်က အသက်မပြည့်သေးသော တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်ကို မတူပီမြို့နယ် စန်ဘောင်ရပ်ကွက်၊ ဟားခါးလမ်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ညနေ ၅ နာရီလောက်မှာ အဖမ်းခံရတာ။ ဟားခါးလမ်းသွားတဲ့ဖက်နားမှာ၊ သူက ၁၈ နှစ်မပြည့်သေးဘူး။ တက္ကသိုလ်တက်တာက ပထမနှစ်မပြီးသေးဘူး။ အခု သူ့ကို ရဲစခန်းမှာပဲထားတယ်။ မနေ့ည အချုပ်ထဲမှာထည့်ပြီးတော့ ဒီနေ့မနက်ကြတော့ အသက်မပြည့်သေးလို့ဆိုပြီးမှ အပြင်ပြန်ထုတ်တယ်။ ရဲစခန်းဝန်းမှာပဲရှိတယ်။ ဒီနေ့ ဆယ့်နှစ်နာရီနာရီ၊ တစ်နာရီလောက်ကြရင် သူတို့ စစ်သားတွေက ပြန်ပြီးတော့ အမှုစစ်မယ်လို့ပြောတယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါအဖမ်းခံရသူမှာ ဆလိုင်းဟေဇကီဆန်းဖြစ်ပြီး မည်သည့်ကိစ္စကြောင့် ဖမ်းဆီးသည်ကိုမသိရှိရေသးကြောင်းနှင့် ဖမ်းဆီးချိန်တွင် ရိုက်နှက်ခံရပြီး လက်ရှိတွင် မတူပီမြို့ ရဲစခန်းတွင်ထားရှိကြောင်း သိရသည်။
အလားတူ မတူပီမြို့တွင် ဧပြီ ၇ ရက်၊ ၈ ရက်က အာဏာသိမ်းစစ်ကောင်စီများ၏ ဖမ်းဆီးမှုခံခဲ့ရသော လူငယ်ငါးဦးကိုလည်း သုံးကြိမ်တိုင်တိုင် ရုံးထုတ်ခဲ့သော်လည်း ဘာမှထူးခြားမှုမရှိသည့်အပြင် မေ ၁၉ ရက်သို့ ထပ်မံရုံးပြန်ချိန်းလိုက်ကြောင်း သိရသည်။