ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း ပြည်သူများ မိမိနေရပ်သို့ မပြန်နိုင်သေးကြောင်း သိရသည်။
နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် မတ်လပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့ထိ နေရပ်ကိုမပြန်နိုင်သေးကြောင်း သိရသည်။
“တိုက်ပွဲမဖြစ်ပေမဲ့ ခုချိန်ထိမပြန်သေးဘူး။ သူတို့ကတော့ တိုက်ပွဲထပ်ဖြစ်မှာဆို့လို့ မပြန်သေးဘူး” ဟု သီပေါမြို့က စစ်ဘေးရှောင်ကူညီးပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြည်သူများက ကျေးရွာကိုမပြန်နိုင်သေးပါက စားဝတ်နေရေးအတွက် အခက်ခဲများ၊ လယ်ယာလုပ်ငန်းများကို ရပ်ဆိုင်ထားရပြီး နောက်နှစ်များအတွက် ဆင်းရဲပြီး အကြွေးပိုများလာနိုင်ကြောင်း ပန်လုံကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အခြေနေစောင့်ကြည့်ရတာပေါ့။ စစ်ပြေးရှောင်အားလုံးက ဒုက္ခရောက်နေပြီး ရွာလည်းအရမ်းပြန်ချင်နေကြပြီ။ လချီကြာတော့ မတောင့်ခံနိုင်တော့ဘူး။ မိုးကျတော့ မြေလယ်ယာလုပ်ချိန်ဆိုတော့ ဒီနှစ်မလုပ်ဖြစ်ရင် နောက်နှစ်ကြရင် ဆင်းရဲမွဲသေ အကြွေးတွေတင်ပြီးနေရလိမ့်မယ်” ဟု ပန်လုံကျေးရွာ အမျိုးသားတစ်ဦးက ပြောသည်။
နမ္မတူမြို့နယ် ပန်လုံကျေးရွာအတွင်း (RCSS/SSA) တပ်သားများ ကျေးရွာအတွင်းတည်ရှိနေကြောင်း၊ တပ်သားများ ကျေးရွာအတွင်းရှိနေသမျှ တိုက်ပွဲထပ်မံဖြစ်လာနိုင်ကြောင်းလည်း ပန်လုံကျေးရွာပြည်သူများက ပြောသည်။
ယခုရက်ပိုင်း တိုက်ပွဲများငြိမ်နေသဖြင့် ဒေသခံများက ကျေးရွာသို့ ခေတ္တပြန်သွားချိန် RCSS/SSA က ကျေးရွာအတွင်းနေထိုင်ပြီး ရွာသားများကို ကျေးရွာအတွင်း မနေထိုင်ရန် တိမ်းရှောင်ရန် လာရောက်ပြောဆိုသဖြင့် ပန်လုံပြည်သူများက သီပေါမြို့နှင့် လားရှုှိးမြို့သို့ ထပ်မံရှောင်တိမ်းလာရကြောင်း ပန်လုံကျေးရွာတွင်နေထိုင်သည့် ရှမ်းလူငယ်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ရွာကိုပြန်သေးတယ်။ ရွာထဲမှာ RCSS တို့ကရောက်နေတာ။ သူတို့က ကျွန်တော်တို့ကို ရွာထဲမနေနဲ့ တိမ်းရှောင်နေလို့ပြောတယ်။ ပြီးတော့ ဘုန်းကြီးတွေ၊ ဦးဇင်တွေကိုလည်း ရွာထဲမနေဖို့ပြောထားသေးတယ်။ ဘုန်ကြီးတွေလည်း လာရှိုးကျောင်းမှာသွားနေကြတယ်” အထက်ပါ ရှမ်းလူငယ်က ပြောပြသည်။
ပန်လုံကျေးရွာတွင် သျှမ်းလူမျိုးသာမက တအာင်း (ပလောင်) လူမျိုးများ နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာသည့် ကျေးရွာတခုဖြစ်သည်။
ပန်လုံကျေးရွာ RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲပြင်းထန်းမှုကြောင့် ပြည်သူနေအိမ် ၄၅ အိမ် မီးလောင်ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။
အလားတူ နမ္မတူမြို့နယ် မန်းလီကျေးရွာတွင်လည်း တရွာလုံးနီးပါးမီးရှို့ခံရပြီး ပြာကျခဲ့ရသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်ကောင်စီက အာဏာလုယူပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲများ မကြာခဏဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။
Published
Tuesday, May 11, 2021
တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း နမ္မတူမြို့နယ်မှ စစ်ရှောင်များ နေရပ်မပြန်နိုင်သေး