ကချင်ပြည်နယ် မြိုညှင်းခရိုင် နမ္မတီးမြို့တွင် စစ်တပ်၏ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိမှု မေ ၁၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းသို့ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သူသည် မြစ်ကြီးနား ကြာရာပတီးရပ်ကွက် (B) တွင်နေထိုင်သည့် အသက် ၂၂ အရွယ်ရှိ ကိုလဂျူဂျာဂွန်းတန်ဆိုသူဖြစ်ပြီး ၎င်းသည် နမ္မတီးမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
“သေတဲ့သူရဲ့အလောင်းကိုတော့ မြစ်ကြီးနားကဆိုတော့ မြစ်ကြီးနားက သူတို့မိဘတွေကို အလောင်းလာထုတ်ယူဖို့ ပြောထားပြီလို့ သိရတယ်။ ရဲတွေနဲ့ ညှိနိူင်းလို့ရလို့ ရင်ခွဲရုံကနေထုတ်ယူဖို့ ခွင့်ပြုချက်ရပြီလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏တပ်သည် ယမန်ည ၈ နာရီဝန်းကျင်မှစ၍ နမ္မတီးမြို့ ငွေမောင်းရပ်ကွက်နှင့် တံတားဦးရပ်ကွက် နှစ်ခုတွင် ပစ်ခတ်မှုပြုလုပ်ခဲ့သည့်အတွက် လူလေးဦး ကျည်ထိမှန်ခဲ့သည့်အနက် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ငါးဖမ်းကနေပြန်လာတဲ့ လူငယ်တွေထဲက နှစ်ယောက်ထိတယ်။ တစ်ယောက်က ခြေထောက်မှာ နောက်တစ်ယောက်က လက်မောင်းမှာ အဲခြေထောက်မှာထိတဲ့သူက မိဘတွေက ရဲစခန်းကို ပစ်ခံရတဲ့အကြောင်းဖုန်းဆက်ပြီး လှမ်းတိုင်တာ အဲဒါနဲ့ ရဲက နာရေးကားနဲ့လာခေါ်ပြီး နမ္မတီးတိုက်နယ်ဆေးရုံကိုပို့တာ အခြေနေအရမ်းစိုးလို့ မြစ်ကြီးနားစစ်ဆေးရုံကိုလွှဲလိုက်ပြီလို့ သိရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ယမန်နေ့ ညဖြစ်စဉ်တွင် ကျည်ထိမှန်သူများသည် မြို့သာယာမှ ငါးဖမ်းပြန်လာသည့် လူငယ်နှစ်ဦးနှင့် မြို့မဘက်သို့ ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦး ပစ်ခံရခြင်းဖြစ်သည်။