ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်မှသာ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော်ကို ဖွဲ့စည်းတည်ဆောက်နိုင်မည်ဟု KNU/KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောသည်။
၎င်းက “ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာပြီးဆိုရင် ကျွန်တော်တို့ အဲဒီမှာတော့ ပြီးပြည့်စုံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကိုတော့ ကျနော်တို့ သွားလို့ရပြီထင်ပါတယ်။ ဖက်ဒရယ်တပ်မတော်နဲ့ ပတ်သက်ရင်တော့လည်း စောစောက ကျနော်ပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာပဲ မူတည်တယ်။ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာပြီဆို ဖက်ဒရယ်တပ်မတော် Institution က အဲဒီ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းတည်ဆောက်သွားရမှာဖြစ်တယ်” ဟုပြောသည်။
ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော်ကို ဖွဲ့စည်းတည်ဆောက်ရမည်ဖြစ်သည့်အတွက် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရင်ပေါ်ပေါက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပဒိုမန်းမန်းက ပြောသည်။
ထို့ကြောင့် လက်ရှိဖွဲ့စည်းထားသည့် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်အောင် ဦးစွာလုပ်ဆောင်ရမည်ဟု KNU/KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ပဒိုမန်းမန်းက “လိုချင်တာက အမျိုးသားညီညွတ်ရေးအစိုးရရော နောက် ကျွန်တော်တို့ NUCC ကရော၊ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာဖို့အတွက်က ပထမဦးဆုံး လုပ်ရမှာဖြစ်တယ်။ ဒီ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ခင်ကာလမှာကတော့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG အနေနဲ့ကတော့ ကြားကာလ အစိုးရအနေနဲ့ပဲ ပြောရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးကို အဲလိုမျိုး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အဓိက ကတော့ ဒီဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာဖို့ပဲဖြစ်ပါတယ်” ဟုပြောသည်။
ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က စစ်တပ်ကရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ပြီးခဲ့သည့် မတ် ၃၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့အတူ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် ကြောညာစာတမ်းတစ်စောင်ကိုလည်း ထိုနေ့တွင်ပင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုကြေညာချက်များ ထုတ်ပြန်ပြီးနောက် CRPH မှ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မည့်ရည်ရွယ်ချက်ဖြင့် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရဖွဲ့စည်းကြောင်း ဧပြီ ၁၆ ရက်နေ့တွင် ထပ်မံ ထုတ်ပြန်ကြေညာခဲ့သည်။
ထိုအစိုးရအဖွဲ့ထဲတွင် တိုင်းရင်းသားလူမျိုးတော်တော်များများ ပါဝင်လာကို တွေ့ရသည်။
ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းတည်ဆောက်ရန်အတွက် လက်ရှိတွင် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန်လိုအပ်နေပြီး သက်ဆိုင်ရာ အစုအဖွဲ့အားလုံးနှင့် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ NUG တို့ ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက အောင်မြင်နိုင်သည်ဟု ပဒိုမန်းမန်းက ပြောသည်။
“ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာနိုင်ဖို့အတွက်က စောစောက ကျွန်တော်ပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရော နောက် ကျွန်တော်တို့ ဒီတိုင်းရင်းသား နိုင်ငံရေးပါတီတွေရော လက်ရှိ ဦးဆောင်နေတဲ့ NUG လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရတွေရော နောက် ကျနော်တို့ အဲဒါအပြင်မှာ ကျွန်တော်တို့ NUCC လို့ခေါ်တဲ့ အစုအဖွဲ့တွေကနေပြီးတော့မှ ကျွန်တော်တို့ ဝိုင်းပြီးတော့မှ ဖော် ဆောင်သွားမယ်ဆိုရင်တော့ ကျနော်တို့ ရောက်သွားနိုင်မှာဖြစ်ပါတယ်။ အောင်မြင်မှာဖြစ်ပါတယ်” ဟု ပဒိုမန်းမန်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်မှ မတရားအာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲများမှာ နိုင်ငံတဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာခဲ့သည့်နည်းတူ တိုင်းရင်းသားဒေသများတွင်လည်း စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံ၏ နိုင်ငံရေး အခြေအနေများအောက်တွင် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားပါတီများ၊ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ တတ်သိပညာရှင်များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည့်အထိ ကြိုးစားလုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။