ကချင်ပြည်နယ် မံစီမြို့မရဲစခန်းအား KIA ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူးတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဒေသခံများကပြောသည်။
“စနိုက်ဘာနဲ့ပစ်ခံရပြီး သေတာလို့ကြားတယ်။ အသေးစိတ်တော့ ကျွန်တော်တို့လည်း။ မသိရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပြည်သူတွေဖြစ်တော့ ရဲစခန်းမှာဖြစ်တဲ့ဟာတွေက တိတိကျကျသိရဖို့ ခက်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ မံစီမြို့မရဲစခန်းအား မေ ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
“ဒီမံစီအခြေစိုက် ခမရ ၃၁၉ အနားမှာ လက်နက်ကြီးပစ်သံ အချက် ၂၀ လောက်ရှိတယ်။ ရဲစခန်းက ရဲတစ်ချို့က ထွက်ပြေးသွားတယ်ဆိုပြီးလည်း ပြောနေကြတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသွားသူသည် မံစီမြို့နယ်မှ ရဲမှုးဟိန်းထက်ဖြစ်ပြီး စခန်းမှူးမင်းမင်းလည်း ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ဧပြီ ပထမပတ်မှစကာ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသည်ကျေးရွာ ၁၀ ခန့်ရှိပြီဖြစ်သည်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သော်လည်း ယင်းတိုက်ပွဲသည် မိုးမောက်မြို့နယ် အနီးကျေးရွာများတွင်ဖြစ်ပွားခဲ့ပြီး မေ ၃ ရက်ည မြို့တွင်းရှိ မြို့မရဲစခန်းသို့ ဝင်ရောက်တိုက်ခိုက်လာခြင်းသည် ပထဦးဆုံးဖြစ်သည်။
Published
Tuesday, May 04, 2021
မံစီမြို့မရဲစခန်းအား KIA ဝင်ရောက်တိုက်ခိုက်၊ ရဲမှူးတစ်ဦးသေဆုံး