ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နှင့် စစ်ကောင်စီ၏တပ်တို့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံငါးသောင်းဝန်းကျင်ခန့်မှာ စားဝတ်နေရေးအတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြောသည်။
တိုက်ပွဲများကြောင့် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် မူတြော် (ဖာပွန်) ခရိုင်အတွင်းက စစ်ဘေးရှောင်များမှာ အစာရေစာ ပြတ်လတ်မှုများနှင့် ကြုံတွေ့နေရသည့်အပြင် ကျန်းမာရေး၊ နေထိုင်ရေး အစရှိသည့် အဖက်ဖက်မှအခက်အခဲများကို ရင်ဆိုင်နေရသည်ဟု KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောသည်။
“အတွင်းဖက်မှာ ပုန်းရှောင်နေရတဲ့ လူဦးရေအရေအတွက်က ကျမတို့ခန့်မှန်းတာက လေးသောင်း ငါးသောင်းလောက်ရှိပြီ။ အစားအသောက်မစားရဘူး။ အခု သူတို့အတွက် ကျမတို့ စိတ်ဆင်းရဲ့ စိတ်ရှုတ်နေရတယ်။ သူတို့အတွက် ဘယ်လိုလုပ်ပေးရမလဲတောင် မပြောတတ်တော့ဘူး” ဟု KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက် KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများလည်း နေ့တိုင်းဖြစ်ပွားနေသလို စစ်ဘေးရှောင်များမှာလည်း အစစအရာရာ ပိုမိုခက်ခဲလာသည်ဟု ဆိုသည်။
နော်ဝါးခူရှီးက “တိုက်ပွဲက နေ့တိုင်းပဲ အတွင်းဖက်မှာဆို သေနတ်ကြီးတွေနဲ့ ရွာထဲဖက်ကို ပစ်တာရှိတယ်။ အတွင်းဖက်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့လူတွေရှိတယ်။ ကမမောင်းနဲ့ ဖာပွန်လမ်းဖက်ပေါ့ အဲဖက်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေက အစားအသောက်မရှိဘူး” ဟုပြောသည်။
ထို့ပြင် ဧပြီ ၂၇ ရက်က KNU/KNLA တပ်မဟာ ၅ မှ စစ်သည်များက ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ သော်လဲထာတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အဆိုပါနေ့မှစတင်ကာ စစ်ကောင်စီဖက်မှ KNU တပ်မဟာ ၅ နယ်မြေ ထိုင်း-မြန်မာနယ်စပ်ရှိ ကျေးရွာများအတွင်းသို့ လေယာဉ်ဖြင့် နေ့တိုင်းလာရောက်ပစ်ခတ်နေသည်အတွက် ဒေသခံများမှာ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KPSN က ပြောသည်။
“အခုက တစ်ရွာလုံးပဲ သေနတ်တွေနဲ့ ပစ်တာက အရမ်းကြမ်းတယ်။ အသံအကျယ်ကြီးပဲ လေယာဉ်ပျံနဲ့ ဗုံးလာကြဲတာ ခုနကပဲ ကျမတို့ကို လှမ်းပြောတာ ဒါးဂွင်ဖက်လို့ပြောတယ်။ စစ်စခန်းနဲ့ အနီးအနားတွေကို ပစ်နေတာ” ဟု နော်ဝါးခူရှီးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်ရှိ KNLA စစ်သည်များက စစ်ကောင်စီ၏ သီးမူထာ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်များက KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်အတွင်းရှိ ကျေးရွာများအတွင်းသို့ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ မောင်းထုတ်ခဲ့သည့်အတွက် စစ်ဘေးလွတ်ရာ တောထဲတောင်ထဲတွင် ပုန်းရှောင်နေထိုင်နေရသည်မှာ ယနေ့အချိန်ထိဖြစ်သည်။