စစ်တွေမြို့မှ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဖမ်းဆီးခံရ

စစ်တွေမြို့မှ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဖမ်းဆီးခံရ
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးတွင်နေထိုင်သူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးကို ယမန်နေ့ (ဧပြီ ၂၉ ရက်) ညနေ ၆ နာရီခန့်က ဖမ်းဆီးသွားကြောင်း သိရသည်။

၎င်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ကိုကိုယ်စားပြု၍ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးထွန်းလှိုင် (၅၆) နှစ်ဖြစ်သည်။

ဦးထွန်းလှိုင်ကို ရဲကားတစ်စီးဆင်းလာသည့် အရပ်ဝတ်ဖြင့် လူနှစ်ဦးက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဦးထွန်းလှိုင်၏ဇနီးဖြစ်သူ ဒေါ်လှကြာဖြူက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“သူက အဲဒီရုံးမှာနေတာပါ။ အိမ်မှာနေတာမဟုတ်ဘူး။ မနေ့က ရုံးဘေးနားက လဖက်ရည်ဆိုင်က အမျိုးသမီးက ရုံးသော့လာပေးမှ သိရတယ်။ ကျွန်မအမျိုးသားက သူ့ကို ရဲကခေါ်သွားတယ်လို့ပြောလိုက်ပါလို့ မှာခဲ့တယ်တဲ့။ မိသားစုမှာ စိုးရိမ်တာပေါ့ရှင်” ဟု ၎င်းကပြောသည်။

ယင်းနောက် မိသားစုဝင်များက စစ်တွေမြို့နယ် အမှတ် (၁) ရဲစခန်းသို့ သွားရောက်စုံစမ်းရာ စစ်ဆေးမေးမြန်းရန် တပ်မှခေါ်ယူသွားကြောင်း သိခဲ့ရသည်ဟု သမီးဖြစ်သူ မအေးအေးသွယ်ကပြောသည်။

“ကျွန်မနဲ့အဒေါ်က အမှတ် (၁) ရဲစခန်းကို ဒီနေ့မနက်က သွားမေးခဲ့ပါတယ်။ စရဖက စစ်ဆေးမေးမြန်းဖို့ခေါ်သွားတယ်။ စစ်ဆေးပြီးရင် ရဲစခန်းကို လာပို့မှာပါလို့ပြောလိုက်ပါတယ်” ဟု သူမကပြောသည်။

အဆိုပါဖြစ်စဉ်အား အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးအားမေးမြန်းရာတွင် ရဲကားဟုထင်ရသည့် ကားအနီရောင်တစ်စီးဖြင့် လူနှစ်ဦးဆင်းလာပြီးနောက် ဦးထွန်းလှိုင်ကို ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးထွန်းလှိုင်သည် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည့်အပြင် ယခင်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ကားကို မောင်းပေးရသူဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီရုံးကို လက်ရှိတွင် ပိတ်ထားကြောင်း တွေ့ရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...