အရေးတော်ပုံမအောင်မချင်း ပြည်သူလူထုနှင့်အတူ ဆက်လက်ပူးပေါင်းတိုက်ခိုက်သွားမည်ဟု ကယားပြည်နယ်တွင် CDM ပြုလုပ်နေသည့် ရဲတပ်ဖွဲ့ဝင်များပြော

အရေးတော်ပုံမအောင်မချင်း ပြည်သူလူထုနှင့်အတူ ဆက်လက်ပူးပေါင်းတိုက်ခိုက်သွားမည်ဟု ကယားပြည်နယ်တွင် CDM ပြုလုပ်နေသည့် ရဲတပ်ဖွဲ့ဝင်များပြော
by -
နော်ဒွေးအယ်ခူ (KT)

အရေးတော်ပုံမအောင်ချင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်လုပ်ရှားနေကြသည့် ပြည်သူလူထုနှင့်အတူ စစ်ကောင်စီကို ဆက်လက်ပူးပေါင်းတိုက်ခိုက်သွားမည်ဟု ကယားပြည်နယ်တွင် CDM ပူးပေါင်းပါဝင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

 

“ကျွန်တော်တို့ကတော့ အရေးတော်ပုံမအောင်မချင်း ဒီလိုပဲ ပြည်သူလူထုနဲ့ပူးပေါင်းပြီးတော့ အခု သူတို့ညွှန်ကြားမယ့် NUG အစိုးရညွှန်ကြားမယ့်အစီအစဉ်အတိုင်း ကျွန်တော်တို့ လျှောက်သွားမယ်။ အရိုးကြေကြေ အရည်ခမ်းခမ်း ကိုယ်နိုင်ရာဝန်ကို ခုနကပြောသလိုပဲ နှမ်းတစ်စေ့၊ ရေတစ်စက်၊ အုတ်တစ်ချပ်၊ သဲတစ်ပွင့်နဲ့ ဆက်လက်ပြီး ပါဝင်ပူးပေါင်းတိုက်ခိုက်သွားပါမယ်” ဟု လွိုင်ကော်မြို့ ခရိုင်လုံခြုံရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည့် CDM ရဲတပ်သားတစ်ဦးက ပြောသည်။

 

လူထုနှင့်အတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလုပ်ရှားမှုကို ကယားပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် ၄၀ ကျော်က ဖေဖော်ဝါရီ ၁၀ ရက် ပြည်သူလူထုရှေ့တွင် စတင်ပါဝင်လာခဲ့ပြီး ရဲတပ်သား၊ ဒု-ရဲအုပ်၊ တပ်ကြပ်၊ ယာဉ်ထိန်းရဲအဆင့်ရှိသည့် ရဲဝန်ထမ်းများပါဝင်ကြောင်း သိရသည်။ 

 

စစ်အာဏာရှင်စနစ်လက်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ်မရှိခြင်း၊ အာဏာရှင်စနစ်ကို မလိုလားသည့်အတွက် CDM ပြုလုပ်နေကြသလို ပြည်နယ်အတွင်းတွင် CDM ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် CDM ပြုလုပ်သည့် အများဆုံးပြည်နယ်ဖြစ်သည်။

 

မြန်မာပြည်သူပေးသည့် လစာကိုစားပြီး ရဲတပ်ဖွဲ့ဝင်များက ပြည်သူကို ချစ်ကြောင်းပြနိုင်သည့် အခွင့်အရေးဖြစ်သည့်အတွက် အာဏာရှင်စနစ်ကိုပြည်သူနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဖားဆောင်းမြို့နယ် ဖားဆောင်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် CDM ရဲတပ်သားတစ်ဦးကလည်း အခုလိုပြောသည်။

 

“ကိုယ်ကလည်း မြန်မာနိုင်ငံမှာနေ မြန်မာနိုင်ငံမှာစားပြီးတော့ မြန်မပြည်သူတွေပေးတဲ့ လစာကိုစားနေရတယ်လေ။ အဲ့တော့ ပြည်သူတွေရဲ့တာဝန်ကို တစ်ခါတစ်လေတော့ ကျေပွန်သင့်တယ်ပေါ့။ ပြောရမယ်ဆိုရင်တောင် ဒါရှားပါးတဲ့အခွင့်အရေးလို့ ပြောရမယ် ပြည်သူတွေကို ရဲတွေကချစ်ကြောင်းပြနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ကျန်တဲ့အချိန်တွေကို ပြည်သူတွေက ကိုယ့်ကို ပြည်သူတွေက ထုံးစံအတိုင်း မြင်ရင်မြင်သမျှ အကောင်းမြင်တဲ့သူရှိမယ် ဆူဆဲနေတဲ့သူရှိမှာပဲ ဒါကိုပြနိုင်တဲ့တစ်ခုထဲသော အခွင့်အရေးပေါ့ အဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်ရတယ်။ ကိုယ့်ရဲ့စိတ်ရင်းခံကိုက ပြည်သူဖက်ကပဲ ပြည်သူကနေမွေးဖွားလာလို့ ပြည်သူရဲ့သားသမီးမို့လို့ ပြည်သူဖက်ကိုပါဝင်ပြီး ပူးပေါင်းတိုက်ခိုက်တာပါ” ဟု ၎င်းကဆိုသည်။

 

ဖေဖော်ဝါရီလ ၁၀ ရက်နေ့စပြီး လက်ရှိအချိန်ထိ CDM ပြုလုပ်နေကြသည့် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ၎င်းတို့မိသားစုဝင်တွေက စားဝတ်နေရေးအခက်အခဲကြုံနေရခြင်း၊ CDM ပြုလုပ်သည့်ရဲအချို့၏ပုံကို မြင်သာသည့်နေရာတွင်လိုက်ကပ်ထားပြီး ဖမ်းဝရမ်းထုတ်ထားခြင်း၊ နေအိမ်ကို စောင့်ကြည့်ခြင်း၊ ရဲတပ်ဖွဲ့ဝင်အချင်းချင်းကြား လူမျိုးရေးသွေးခွဲမှုရှိခြင်း၊ စိတ်လုံခြုံမှုမရှိခြင်း စသည့်အခက်အခဲ၊ စိုးရိမ်မှု၊ စိန်ခေါ်မှုများ ကြုံနေရကြောင်း CDM ရဲတပ်ဖွဲ့ဝင်ထံမှ သိရသည်။ 

 

“ဒါကျတော်တို့မိသားစုအရေးမဟုတ်ပါဘူး တစ်နိုင်ငံလုံးအရေး အမျိုးသားရေး ဒါကြောင့် ဘယ်လောက်ပဲ စိုးရိမ်မှုတွေရှိနေပါစေ ကိုယ်မှန်ကန်တဲ့လမ်းလျှောက်ခဲ့ရင် မှန်သောတရားဆိုတာ ဘယ်တော့မှ ကွယ်ရာမှာမရှိတဲ့အတွက်ကြောင့် ကျတော်တို့ပြည်သူလူထုနဲ့ လုံးလုံးလျားလျား အခက်အခဲကြားနေက ဆုံးဖြတ်ပြီး ပူးပေါင်းရခြင်းဖြစ်ပါတယ်” ဟု  CDM ရဲတပ်သားတစ်ဦးက ပြောသည်။ 

 

CDM ပြုလုပ်သည့်ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအုပ်စုက ပြန်လည်ခေါ်ဆောင်မှုတွေရှိနေသော်လည်း CDM လုပ်ရှားမှုကို အဆုံးထိပါဝင်သွားမည်ဖြစ်ပြီး လုံခြုံသည့်နေရာကို တိမ်းရှောင်နေကြောင်း သိရသည်။ 

 

ကယားပြည်နယ်အတွင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် သပိတ်မှောက်ပြည်သူများကို စစ်တပ်နှင့်ရဲများက အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဧပြီ ၂၇ ရက်ထိ ကျဆုံးသူသုံးဦးရှိနေပြီဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...