ရခိုင်ပြည်နယ်တွင် နိုင်ငံရေးတည်ငြိမ်နေသော်လည်း ရှစ်သောင်းဘုရား ဗုဒ္ဒပူဇေနိယပွဲတော်တွင် ရိုးရာလှေပြိုင်ပွဲအပါအဝင် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပနိုင်ဦးမည်မဟုတ်

ရခိုင်ပြည်နယ်တွင် နိုင်ငံရေးတည်ငြိမ်နေသော်လည်း ရှစ်သောင်းဘုရား ဗုဒ္ဒပူဇေနိယပွဲတော်တွင် ရိုးရာလှေပြိုင်ပွဲအပါအဝင် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပနိုင်ဦးမည်မဟုတ်
by -
ထွန်းခိုင် (နိရဥ္စရာ)
Photo - Soe Thant Aung
Photo - Soe Thant Aung

ရခိုင်ပြည်နယ်တွင် နိုင်ငံရေးအခြေအနေ တည်ငြိမ်နေသော်လည်း ယခု ၂ဝ၂၁ ခုနှစ်ကျင်းပမည့် ရခိုင်ပြည်နယ်က ရှစ်သောင်းဘုရား ဗုဒ္ဓပူဇေနိယပွဲတော်တွင် ပြိုင်လောင်းပွဲ (လှေပြိုင်ပွဲ) နှင့် ဘောလုံးပွဲ၊ ရိုးရာကျင်ပွဲများအပါအဝင် ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပနိုင်မည်မဟုတ်ကြောင်း သတင်းရရှိသည်။

 

မြောက်ဦးမြို့သင်္ဃာ့နာယက အဖွဲ့၊ ရှစ်သောင်းဘုရား ဂေါပကအဖွဲ့နှင့် အစိုးရဌာနဆိုင်ရာအဖွဲ့များက အစည်းအဝေးကို ဧပြီ ၂၃ ရက် နေ့လယ်က ပြုလုပ်ခဲ့ရာတွင်ထိုသို့ ဆုံးဖြတ်ခဲ့ကြကြောင်း ရှစ်သောင်းဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမောင်စောသိန်းက ပြောသည်။

 

“ပွဲမကျင်းပဘူးလို့လည်းမဟုတ်ဘူး။ ဒါပေမယ့် ပြည်မဖက်မှာ ဆန္ဒပြနေကြတာတွေနဲ့လည်းဖြစ်၊ ပြီးတော့ ကိုဗစ်ကလည်း ပြန်ထလာတယ်လေ။ ဒါကြောင့် ဆရာတော်တွေက ပျော်ပွဲရွှင်ပွဲ မထည့်စေချင်ဘူး။ ပြိုင်လောင်းပွဲတွေ၊ ကျင်ပွဲတွေမပါဘူးပေါ့။အရင်နှစ်ကလည်း ဒီလိုပဲလုပ်ခဲ့ရတယ်” ဟုပြောသည်။

 

ရှစ်သောင်းဘုရားပွဲတော်ကို နှစ်စဉ် ကဆုန်လပြည့်နေ့တွင်ကျင်းပပြီး ပြိုင်လောင်းပွဲ၊ ဘောလုံးပွဲ၊ ရိုးရာကျင်ပွဲ၊ စတိတ်ရှိုးနှင့် ဇာတ်ပွဲများကိုပါ ထည့်သွင်းကျင်းပလေ့ရှိသဖြင့် ရခိုင်ပြည်နယ်တွင် အလွန်စည်ကားသော ဘုရားပွဲဖြစ်ကြောင်း သိရှိရသည်။

 

ဘုရားပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ မပါဝင်သည့်အပေါ် မြောက်ဦးမြို့ခံတစ်ဦးဖြစ်သူ ဒေါ်အမာလှိုင်က “စိတ်တော့မကောင်းဘူးပေါ့။ ရှစ်သောင်းဘုရားပွဲကတော့ ရခိုင်တစ်ပြည်နယ်လုံးကလူတွေ မျှော်လင့်တဲ့ပွဲလေ။ စည်လည်းအတော်စည်ကားတယ်။ ဒါပေမယ့် တိုင်းရေးပြည်ရေးကလည်း မကောင်းတော့ ပျော်ပွဲရွှင်ပွဲတွေမပါတာလည်း ကောင်းတယ်လို့တော့ ထင်မိတယ်” ဟုပြောသည်။

 

သို့သော်လည်း ယခုနှစ်ဘုရားပွဲတော်တွင် ပဋ္ဌာန်းတရားနာခြင်းနှင့် ညောင်ရေသွန်းပွဲများကို ထည့်သွင်းကျင်းပသွားရန် ယင်းနေ့က အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

 

ရခိုင်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ၂ဝ၁၉ ခုနစ်မှစ၍ ရှစ်သောင်းဘုရားပွဲကို ပျော်ပွဲရွှင်ပွဲများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိတော့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...