မြေမြုပ်မိုင်းပေါက်၍ ခြေထောက်ပြတ်သွားသည့် ပလက်ဝမှ သမဝါယမစာရေး တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရ

မြေမြုပ်မိုင်းပေါက်၍ ခြေထောက်ပြတ်သွားသည့် ပလက်ဝမှ သမဝါယမစာရေး တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရ
by -
ထွန်းခိုင် (နိရဥ္စရာ)

သင်္ကြန်ကာလအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်သွားသည့် သမဝါယမစာရေး ဦးအောင်မြင့်မြတ်မှာ လက်ရှိအချိန်တွင် စစ်တွေရှိ ကုတင် (၁၀၀) ဆံ့တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ပလက်ဝမြို့နယ်၊ လောင်းကဒူးကျေးရွာမှ ခူမီးအမျိုးသားတစ်ဦးဖြစ်သူ ဦးအောင်မြင့်မြတ် (၄၀) နှစ်သည် ဧပြီ ၁၅ ရက် နံနက် ၈ နာရီခွဲခန့်တွင် အိမ်ဆောက်ရန် ခုတ်ထားပြီးဖြစ်သော သစ်များအား ရွာအနီးရှိ တောင်ပေါ်မှ သွားထမ်းစဉ် မိုင်းနင်းမိသောကြောင့် ဘယ်ဘက်ခြေထောက် ပြတ်သွားကြောင်း လောင်းကဒူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှက ပြောသည်။

ဒဏ်ရာပြင်းထန်သည့် ဦးအောင်မြင့်မြတ်အား ပလက်ဝဆေးရုံမှ စစ်တွေမြို့ရှိ ကုတင် ၁၀၀ တပ်ဆေးရုံသို့ ဧပြီ ၂၀ ရက်က လွှဲပြောင်းကုသခဲ့ကြောင်း၊ ၎င်းမှာ ပလက်ဝမြို့နယ်ရှိ သမဝါယမဦးစီးဌာန၌ စာရေးရာထူးတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

“သစ်တွေကို အရင်ကတည်းက ခုတ်ထားတာ။ အဲဒါကို အိမ်ဆောက်တော့မယ်ဆိုပြီးတော့ သွားယူတာ။ သူ့ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်း စုစုပေါင်း သုံးယောက်လောက် ပါသွားသေးတယ်။ တောင်တက်တော့ မိုင်းနင်းမိတာ။ ဒဏ်ရာက အရမ်းပြင်းပါတယ်။ မိုင်းပေါက်တဲ့အသံက “ဒိန်း” ဆိုပြီး ရွာက ကြားရပါတယ်။ အဲဒီမှာ သူနဲ့ပါတဲ့အဖော်တွေက သူ့ကို ထမ်းယူခဲ့ပါတယ်” ဟု ဦးကျော်လှက ပြောသည်။

မြေမြုပ်မိုင်းပေါက်သည့်မှာ လောင်းကဒူးကျေးရွာ၏ အနောက်ဘက် သုံးမိုင်ခန့်အကွာရှိ မွန်ထောက်တောင်ဖြစ်ကြောင်း သူကပြောသည်။

“ဒဏ်ရာက ဘယ်ဘက်ဒူးအောက် ပြတ်သွားပါတယ်။ ညာဘက်ခြေသလုံးက အရိုးတွေလည်း ကွဲသွားပါတယ်။ ညာဘက်လက်မောင်းမှာလည်း ဒဏ်ရာတွေရသွားပါတယ်။ အဲဒီမိုင်းနင်းမိတဲ့နေ့မှာပဲ သူ့ကို ပလက်ဝဆေးရုံကိုတင်လိုက်တယ်။ သူ့မှာ ဒဏ်ရာပြင်းလို့ ပလက်ဝဆေးရုံက လက်မခံတဲ့အတွက် မိသားစုတွေက တပ်ဆေးရုံကို အကူညီသွားတောင်းလို့ အဲဒီကို ယူသွားကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...