သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရှမ်းလူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် စိုင်းငယ်ကို အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်နှင့်ချိန်၍ ဖမ်းဆီးသွားမှု ဧပြီ ၂၃ ရက် မနက်ပိုင်း ၁၁ နာရီခွဲခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့ အမှတ် ၃ ရပ်ကွက် မြို့သစ်တွင်နေထိုင်သည့် အသက် ၄၁ နှစ် အရွယ်ရှိ စိုင်းငယ်ကို အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ သေနတ်ဖြင့်ချိန်ကာ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျိုင်းတုံဒေသခံလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စိုင်းငယ်ကို လာခေါ်တုန်းက ရဲ၊ စစ်တပ်က အရပ်ဝတ်တွေနဲ့လာတယ်။ သေနတ်နဲ့ချိန်ပြီး ဖမ်းခေါ်သွားတာ။ ဘာကြောင့်ခေါ်လဲဆိုတာတော့ မသိရဘူး” ဟု ၎င်းလူငယ်က ဆိုသည်။
လွန်ခဲ့သည့် ရက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ စိုင်းငယ်၏နေအိမ်ကို လာရောက်ရှာဖွေပြီး၊ ၎င်းသည် နေအိမ်တွင် မရှိနေသဖြင့် ပြန်သွားကြောင်း သိရသည်။
“သူက ရပ်ရွာ သာရေး/နာရေးမှာ ပါဝင်တဲ့သူဖြစ်သလို ရှမ်းလူငယ်အဖွဲ့က (TYO) မှာလည်း အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့သူတယောက်ပါ” ဟု ကျိုင်တုံမှ TYO အဖွဲ့ဝင် လူငယ်တစ်ဦးက ပြောသည်။
TYO လူငယ်တဦးဖြစ်သူ စိုင်းငယ်ကို အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ဖြင့်ချိန်ပြီး ဖမ်းဆီးသွားခြင်းသည် သျှမ်းလူငယ်၊ သျှမ်းလူထု အသိုင်းအဝန်းကို ကြောက်အောင် ခြိမ်းခြောက်လိုက်သည့် သဘောဖြစ်ကြောင်းလည်း ကျိုင်းတုံဒေသခံများက ပြောသည်။
“ကျိုင်းတုံက လူငယ်တွေ၊ အဓိက သျှမ်းလူငယ်တွေ စစ်အာဏာရှင်ကို ဆန္ဒမပြရဲအောင် နောက် အဖွဲ့အစည်းတွေမှာ မလုပ်ရဲအောင် ပြလိုက်တဲ့သဘောပါပဲ။ ဒါက စစ်ကောင်စီတွေလုပ်နေတဲ့ လုပ်ရက်ပဲလေ” ဟု ကျိုင်းတုံ မှ TYO လူငယ်က ထပ်လောင်းပြောသည်။
ကျိုင်းတုံမြို့တွင် TYO အဖွဲ့ဝင် စိုင်းငယ်အပါအဝင် စစ်အာဏာကိုဆန့်ကျင်သည့် လူငယ် ၁၄ ဦး ဖမ်းဆီးခြင်းခံထားရကြောင်း သိရသည်။
Published
Sunday, April 25, 2021
ကျိုင်းတုံ TYO အဖွဲ့ဝင် စိုင်းငယ်ကို စစ်တပ်က သေနတ်နှင့်ချိန်၍ ဖမ်းဆီးခေါ်ဆောင်