သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ဘန်ကျေးရွာအနီးတွင် စစ်ကောင်စီ၏တပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တို့ ဧပြီ ၂၃ ရက် မနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့် တအာင်းတပ် (TNLA) ကိုးကန့်တပ် (MNDAA) တို့ပူးပေါင်းကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အသေးစိတ်အချက်အလက် မသိရှိရသေးကြောင်း TNLA သတင်းပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က သျှမ်းသံတေတာ်ဆင့်ကိုပြောသည်။
“ဒီနေ့မနက် မန်ဘန်ကျေးရွာနားမှာ ကျွန်တော်တို့ တပ်နဲ့ ကိုးကန့် (MNDAA) ပူးပေါင်းနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်။ သတင်းအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးဘူး။ တိုက်ပွဲဖြစ်တာပဲ သိရသေးတယ်” ဟု ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဆိုသည်။
ကွတ်ခိုင်မြို့အထွက် Oriental Highway တိုးဂိတ်ရုံးဝန်းအတွင်း ဧပြီ ၂၃ ရက် နေ့လည် ၁ နာရီတွင် လက်နက်ကြီးကျည် လေးလုံးထက်မနည်း ကျရောက်ပေါက်ကွဲကာ အမျိုးသားတစ်ဦး၏ ဝမ်းဗိုက်ကျည်ထိမှန်ခဲ့ပြီး၊ အဆောက်အဦးနှင့် ကားကိုလည်း ထိမှန်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ယာဉ်မောင်တစ်ဦးက ပြောပြသည်။
“တိုးဂိတ်နားမှာ လက်နက်ကြီးကျည်ကျတယ်။ ရုံးထဲမှာနေထိုင်တဲ့ အမျိုးသားတဦးရဲ့ ဝမ်းဗိုက်ကျည်ထိတယ်။ အဆောက်အဦးတချို့နဲ့ ကား လည်း လက်နက်ကြီးကျည်စထိမှန်တယ်” ဟု မျက်မြင်တွေ့ရှိသည့် ယာဉ်မောင်းက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ ရက် ည ၈ နာရီကျော်ကလည်း ကွတ်ခိုင်မြို့တွင် လက်နက်ကြီး ပစ်ခတ်မှုရှိကြောင်း ကွတ်ခိုင်ပြည်သူများက ပြောသည်။
Published
Sunday, April 25, 2021
ကွတ်ခိုင်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီ၏တပ်တို့ တိုက်ပွဲဖြစ်