ကျောင်းသားဖြစ်သူ ကိုမျိုးထက်နိုင်လင်း ထိန်းသိမ်းထားသည့်နေရာကို မိသားစုဝင်များ လက်ရှိချိန်ထိ မသိရသေး

ကျောင်းသားဖြစ်သူ ကိုမျိုးထက်နိုင်လင်း ထိန်းသိမ်းထားသည့်နေရာကို မိသားစုဝင်များ လက်ရှိချိန်ထိ မသိရသေး
by -
ခေါင်ညွယ် (KNG)

ဧပြီ ၂၁ ရက် ဖမ်းဆီးခံသွားရသည့် ကျောင်းသား ကိုမျိုးထက်နိုင်လင်းကို လက်ရှိချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးကြောင်း မိသားစုဝင်များကပြောသည်။

“အမှတ် (၁) ရဲစခန်းသွားတော့လည်း မရှိဘူးတဲ့၊ အမှတ် (၂) မှာရော ခရိုင်တွေအထိ လိုက်မေးတာ မရောက်သေးဘူးလို့ပြောကြတယ်။ အဲလိုဆိုရင်တော့ ကျမတို့ထင်တာက စစ်ကြောရေးမှာဘဲ ရှိအုံးမယ်လို့တော့ထင်တယ်” ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံသွားရသည့် ကိုမျိုးထက်နိုင်လင်းသည် မြစ်ကြီးနားသပိတ်တွင် ပါဝင်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ ၂၁ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ရဲနဲ့စစ်သားများရောက်လာကာ ၎င်းအိပ်နေစဉ် လက်ထိပ်ဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

"စစ်ကြောရေးမှာဆိုရင် နှိပ်စက်ကြမလား အရမ်းစိုးရိမ်တယ်။ ခုချိန်ထိလည်း မိသားစုတွေနဲ့ အဆက်အသွယ်မရ ဆုတောင်းရုံဘဲရှိတော့တယ်" ဆိုပြီး မိသားစုဝင်များက ပြောသည်။

မြစ်ကြီးနားတက္ကသိုလ် သမိုင်းအထူးပြု ဒုတိယနှစ်ဂုဏ်ထူးတန်းကျောင်းသား ကိုမျိုးထက်နိုင်လင်းအား ဧပြီ ၂၁ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ၎င်းနေထိုင်သည့် ရှမ်းစာတောင် ကွန်ပျူတာဝန်ထမ်းအိမ်ယာမှ လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

"မနက်အစောကြီး အိမ်စီးကားခြောက်စီး၊ ရဲကားနှစ်စီး ရောက်လာပြီးတော့ သူအိပ်နေတဲ့အခန်းကနေ လက်ထိပ်ခတ်ပြီး လာဖမ်းသွားပါတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ယင်းသို့ ဖမ်းဆီးခံရပြီးနောက် ၎င်းနှင့် ဖုန်းတစ်ကြိမ်ပြောဆိုခွင့်ရှိခဲ့ပြီး မစိုးရိမ်ရန်သာ မှာကြားသွားကြောင်း မိသားစုဝင်တစ်ဦးကပြောသည်၊

"ဖုန်းတစ်ခါဆက်လာတယ်။ ရဲစခန်းမှာတော့ မဟုတ်ဘူးလို့ပြောတယ် အနားမှာ ရဲတွေရှိနေလို့ထင်တယ် မစိုးရိမ်နဲ့ဘဲပြောပြီး ဖုန်းချသွားတယ်”

ဖမ်းဆီးခံသွားရသည့် ကိုမျိုးထက်နိုင်လင်းသည် အာဏာသိမ်းသည့်နောက်ပိုင်း မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် လူငယ်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သူဖြစ်သည်။

ယခုရက်ပိုင်း စစ်ကောင်စီ၏တပ်များက မြစ်ကြီးနားမြို့ပေါ်တွင် သပိတ်တွင် ပါဝင်သူများအပြင် သတင်းထောက်များကိုပါ နေအိမ်ထိ လိုက်လံဖမ်းဆီးမူများရှိနေကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...