တရားသူကြီးခွင့်ယူထားသဖြင့် ဖမ်းဆီးခံကျောင်းသားလေးဦး၏အမှု စစ်ဆေးနိုင်ခြင်းမရှိ

တရားသူကြီးခွင့်ယူထားသဖြင့် ဖမ်းဆီးခံကျောင်းသားလေးဦး၏အမှု စစ်ဆေးနိုင်ခြင်းမရှိ
by -
ထွန်းခိုင် (နိရဥ္စရာ)

တရားသူကြီးနေမကောင်းဖြစ်နေ၍ ခွင့်ယူထားသဖြင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဖမ်းဆီးခံကျောင်းသားသုံးဦးနှင့် ဝန်းရံကျောင်းသား တစ်ဦး၏အမှုအား ယနေ့ရုံးချိန်းတွင် စစ်ဆေးနိုင်ခြင်းမရှိခဲ့ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

“ဒီနေ့ရုံးချိန်းမှာ မြို့နယ်ရဲမှူးက သက်သေထွက်ဆိုဖို့ရောက်တယ်။ မြို့နယ်ရဲမှူး သက်သေထွက်ဆိုဖို့ရောက်ပေမဲ့ တရားသူကြီးက နေမကောင်းတဲ့အတွက်ကြောင့် မြို့နယ်ရဲမှူးကို အကျိုးအကြောင်းပြောပြီးတော့ ပြန်လွှတ်ပေးလိုက်ရတယ်” ဟု ၎င်းကပြောသည်။

ယနေ့တွင် ရုံးချိန်းတွင် အမှုအား မစစ်ဆေးနိုင်ခဲ့သော်လည်း လာမည့် ဧပြီ ၂၈ ရက်ကို ထပ်မံရုံးချိန်းထားကြောင်း ၎င်းကဆက်ပြောသည်။

စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကိုတိုးတိုးအောင်ကလည်း မတရားဖမ်းဆီးခံနေရခြင်းများနှင့်ပတ်သက်၍ အမှုအား ဖြေလျော့ပေးစေလိုကြောင်း နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“မတရားဖမ်းဆီးခံနေရတာတွေနဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ ပြန်လို့ ဖြေလျော့ပေးခြင်းမရှိဘူးဆိုရင်တော့ နောက်ထပ် ဘယ်လို့ဖြစ်စဉ်တွေ ဖြစ်လာမှာလဲဆိုတာကိုတော့ ကျနော်တို့ ပြောလို့မရဘူး” ဟု ကိုတိုးတိုးအောင်က ပြောသည်။

ဖမ်းဆီးခံနေရသော ကျောင်းသားများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ဝန်းရံကျောင်းသား ကိုကောင်းထွန်း (တက္ကသိုလ်များ- ရန်ကုန်) တို့ဖြစ်ကြသည််။

၄င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် ပြည်သူများနှင့်အတူ အစိုးရအလိုမရှိ၊ နယ်ချဲ့စစ်တပ်အလိုမရှိ၊ တပ်မတော်နှင့် ရခိုင်ပြည်နယ်အစိုးရကို အလိုမရှိကြောင်း ပိုစတာဗီနိုင်းများကို ကိုင်ဆောင်၍ ချီတက်ဆန္ဒပြမှုပြုလုပ်ခဲ့သောကြောင့် ငြိမ်းစုစီပုဒ်မ ၁၉၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

၄င်းအပြင် ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်းက ပြည်နယ်အစိုးရရုံးရှေ့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ နှင့်လည်း တရားစွဲဆိုခံထားရကြောင်း သိရှိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...