တိုက်ပွဲများကြောင့် တစ်နှစ်ကျော်ကြာပိတ်ထားသည့် ကျောက်တော် - ပလက်ဝ ကုလားတန်မြစ် ရေကြောင်းလမ်းကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ဖွင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ရေကြောင်းလမ်းကို ယမန်နေ့ ဧပြီ ၂၂ ရက်နေ့မှစ၍ တစ်ပတ်လျှင် နှစ်ရက်ကျ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရသည်။
ပလက်ဝမြို့မှ ဒေသခံ ဦးစိုးလှက “မနေ့က ချင်းပြည်နယ် (ပစက) ကနေပြီးတော့ ကြာသပတေးနဲ့ တနင်္လာနေ့ နှစ်ရက်ကို ပုံမှန်ဆွဲသွားဖို့ဆိုပြီးတော့ (တုတ်တုတ်) သုံးဘီးနဲ့ မြို့ကိုပတ်ပြီးတော့ ကြေညာသွားတယ်” ဟု ပြောသည်။
ပလက်ဝမှ ကျောက်တော်သို့ တနင်္လာနေ့နှင့် ကြာသပတေးများတွင် ထွက်ခွာခွင့်ပြုပြီး ကျောက်တော်မှ ပလက်ဝသို့ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့ကို ခွင့်ပြုထားသည်ဟု ၎င်းက ပြောဆိုသည်။
“ပလက်ဝကနေ ကြာသပတေးနေ့ထွက်ပြီးတော့ သောကြာတစ်ရက်နားမယ်။ စနေနေ့မှာ ကျောက်တော်ကနေ ပြန်လာမယ်။ ပြီးတော့ တနင်္ဂနွေနေ့နားမယ်။ တနင်္လာနေ့ ကျောက်တော်ကိုပြန်ထွက်မယ်။ အင်္ဂါနေ့ တစ်ရက်နားပြီးတော့ ဗုဒ္ဓဟူးနေ့ ကျောက်တော်ကနေ ပြန်လာမယ်ဆိုပြီးတော့ အဲဒီလို ကြေညာသွားတယ်။ မနေ့ကနေ စထွက်နေကြပြီ” ဟုပြောသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော် - ပလက်ဝ ရေကြောင်းလမ်းအား ပိတ်ထားခဲ့သဖြင့် ကုန်စျေးနှုန်းများ မြှင့်တက်လာပြီး စားဝတ်နေရေး အခြေအနေများကို ဒေသခံများက ရင်ဆိုင်ကြုံတွေ့ခဲ့ရသဖြင့် ယခုလိုမျိုး ပြန်လည်ဖွင့်ပေးသည့်အတွက် အလွန်ဝမ်းသာမိကြောင်း သူကဆက်ပြောသည်။
“ရေကြောင်းလမ်းတွေကို ပိတ်ထားတဲ့အတွက်ကြောင့် ကုန်စျေးနှုန်းတွေက အဆမတန်မြင့်တက်ပြီးတော့ ပြည်သူလူထုတွေက စားဝတ်နေရေး အခက်အခဲဖြစ်ကြတယ်။ ကျောက်တော်မှာ ဆန်တစ်အိတ်ကို နှစ်သောင်းကျော်ဆိုလို့ရှိရင် ပလက်ဝမှာ သုံးသောင်းကျော် အထိစျေးတက်သွားတယ်။ အခုရေလမ်းကြောင်းတွေကို ပုံမှန်ဖွင့်ပေးမယ်ဆိုလိုရှိရင် ပလက်ဝနဲ့ ကျောက်တော်ဟာ စျေးနှုန်းတွေ အဲလောက်ထိ ကွာမှာ မဟုတ်တော့ဘူး” ဟု ဦးစိုးလှက ဆက်ပြောသည်။
ရေလမ်းကြောင်းများအား တစ်ပတ်တွင် နှစ်ရက်ဖွင့်ပေးထားသော်လည်း လမ်းခရီးတွင် စစ်ဆေးရေးဂိတ်များချထားသဖြင့် အချိန်ကြန့်ကြာမှုများ ရှိနေ၍ စစ်ဆေးရေးဂိတ်များကို လျော့ချပေးစေလိုသည်ဟု ယနေ့ ကျောက်တော်သို့ရောက်ရှိလာသည့် ပလက်ဝမြို့မှ စက်လှေပိုင်ရှင် ဦးဘိုအေးလွင်က ပြောသည်။
“ရေကြောင်းလိုင်းပြေးဆွဲရတာတော့ အဆင်ပြေမှာလား၊ မပြေဘူးလားတော့ မပြောတတ်ဘူး။ လမ်းမှာလည်း စစ်ဆေးရေးဂိတ်တွေ တော်တော်များတယ်။ ပလက်ဝက ၂၈၉ - ပင်ပဂိတ်မှာလည်း စစ်ဆေးခံရတယ်။ နောက်ပြီး တံတားဂိတ်၊ နှမဒါဂိတ်၊ ကျောက်တော် စကခ-၉ တပ်မဂိတ်၊ ကျောက်တော်ကိုရောက်လို့ရှိရင်လည်း ဌာနပေါင်းစုံဂိတ်၊ အဲဒါတွေမှာ စစ်ဆေးခံရတယ်။ အဲဒီဂိတ်တွေမှာ စစ်ဆေးတာကတော့ လူဦးရေစာရင်းတွေ၊ မှတ်ပုံတင်တွေ၊ ယာဉ်မောင်းနာမည်၊ စက်လှေပိုင်ရှင်နာမည် အဲဒါတွေကို စစ်ဆေးတယ်။ အရင်ကတော့ ၁ နာရီခွဲလောက်ပဲသွားရတယ်။ အခုက စစ်ရေးဂိတ်တွေရှိတော့ ကျနော်တို့ မနက် ၇ နာရီခွဲလောက်ကထွက်လာတာ ညနေ ၃ နာရီလောက်မှ ကျောက်တော်ကို ရောက်တယ်” ဟု ပြောသည်။
ပလက်ဝမြို့နယ်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း တစ်ပတ်တွင် နှစ်ရက်ပြေးဆွဲနေကြကြောင်း ကြားသိရသည်ဟု ပြောကြားခဲ့သည်။
ယခင်က နေ့စဉ်ပုံမှန်ပြေးဆွဲခဲ့ကြသော်လည်း ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများအကြား ကျောက်တော်နှင့် ပလက်ဝသို့ ကူးသန်းဆက်သွယ်သည့် ကုလားတန်မြစ်ကြောင်းကို ပိတ်ထားသည်မှာ တစ်နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်သည်။