အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်းနှင့် ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ရန် အဆင်သင့်ရှိကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနမှာပေါ့နော။ ကျွန်တော်တို့ ခေါင်းဆောင်အသစ် ရောက်လာပြီပေါ့နော်။ ဒီခေါင်းဆောင်အသစ် ရောက်လာပြီဖြစ်တဲ့အတွက် ဒီခေါင်းဆောင်အသစ်ရဲ့ လမ်းညွှန်မှုအတိုင်း ကျွန်တော်တို့သွားမယ်။ ဒီစစ်ကောင်စီမှာရှိတဲ့ ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးတွေရဲ့ လမ်းညွှန်ချက်တွေ ကျွန်တော်တို့ မလိုက်နာဘူး။ NUG က တာဝန်ယူထားတဲ့ ကျွန်တော်တို့ ဝန်ကြီးနဲ့ ဒု-ဝန်ကြီးတို့ရဲ့လမ်းညွှန်မှုကိုပဲ ကျနော်တို့ လိုက်မယ်ဆိုတဲ့ သဘောမျိုးပဲဖြစ်ပါတယ်ဗျ” ဟု ၎င်းကပြောသည်။
NUG က ပညာရေးဌာနအတွက် တာဝန်ပေးထားသည့် ဝန်ကြီး၏ လမ်းညွှန်မှုကိုပဲ လိုက်နာသွားမည်ဖြစ်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
“စစ်ကောင်စီရဲ့အမိန့်ကို လုံးဝနာခံမှာမဟုတ်ပဲ CDM လှုပ်ရှားမှုကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူကဆက်ပြောပါတယ်” ဟု ၎င်းကပြောသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ညွှန်ကြားမှုကို လိုက်နာသွားမည်ဖြစ်သလို ကယားပြည်နယ်တွင်ဖွဲ့စည်းထားသည့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ လမ်းညွှန်မှုကိုလည်း လိုက်နာသွားမည်ဖြစ်ကြောင်း သိရသည်။
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ဟာ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့်အတူ ကယားပြည်နယ်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရာစီရင်ရေးကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
ကယားပြည်နယ် ပညာရေးဌာနတွင် ဝန်ထမ်းစုစုပေါင်း ၅၀၃၀ ဦးရှိပြီး CDM လှုပ်ရှားပါဝင်နေသူ ၃၄၁၃ ဦးရှိကြောင်း သိရသည်။
Published
Tuesday, April 20, 2021
NUG က ပေးအပ်သည့်တာဝန်များထမ်းဆောင်ရန် အဆင်သင့်ရှိကြောင်း ဆရာများသမဂ္ဂဆို