ဟူးကောင်းချိုင့်ဝှမ်းဒေသ နမ့်ဗျူ (Nam Byu) ကျေးရွာအနောက်ဘက်ခြမ်းရှိ အင်းဂါးဂါးနှင့် စိန်ခွင် (၁) ကျေးရွာနှစ်ခုတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
KIA တပ်မဟာ ၂ တပ်ရင်း ၁၄ နယ်မြေဖြစ်သော အင်ဂါးဂါးကျေးရွာနှင့် စိန်ခွင် (၁) ကျေးရွာ နှစ်ခုကြားတွင် ဧပြီ ၁၅ ရက်မှစပြီး မရပ်မနား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း အင်ဂါးဂါး ဒေသခံတစ်ဦးက ပြောသည်။
"အခုထိဖြစ်ပွားနေတုန်း။ အရင်နေ့က နမ့်ဗျူ - နမ်ခမ့်မှာ တိုက်ကြတာဟုတ်တယ်။ အခုအဲ့မှာက KIA က အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို သိမ်းယူနိုင်ခဲ့တယ်။ အခု အင်ဂါးဂါးဒေသကို ပြန်သိမ်းယူဖို့ အခုထိတိုက်နေတုန်း သိမ်းတော့ မသိမ်းနိုင်သေးဘူးတဲ့" ဟု ၎င်းကပြောသည်။
လက်ရှိတွင် အင်ဂါးဂါးကျေးရွာနှင့် စိန်ခွင် (၁) ကျေးရွာတွင် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေကြသည်ဟု သူကဆက်ဆိုသည်။
၂၀၁၈ ခုနှစ်တွင် အာဏာသိမ်းစစ်ကောင်စီက သိမ်းပိုက်ယူခဲ့သည့် နမ်ဗျူ - နမ့်ခမ်ဒေသကို KIA က ဧပြီ ၁၅ ရက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ကချင်ပြည်နယ်အနှံတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
Published
Tuesday, April 20, 2021
ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်နေ