လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းသွားရန် လုပ်ဆောင်နိုင်သော အကောင်းဆုံးအချိန်ဖြစ်သည့်အတွက် အောင်ပွဲရသည့်အထိ ဆက်လက်တိုက်ပွဲဝင်ပေးကြပါရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူများအား တိုက်တွန်းပြောကြားလိုက်သည်။
ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ဧပြီ ၁၇ ရက်က ပြည်သူများထံသို့ ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“အခုအချိန်အခါဟာ စစ်အာဏာရှင် အမြစ်ပြတ်ကွယ်ပျောက်စေဖို့ တိုက်ပွဲဝင်ရန် အကောင်းဆုံးအချိန်ဖြစ်တဲ့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း ပြည်သူများနှင့်အတူ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူများအနေနှင့်လည်း စိတ်ဝမ်းကွဲမှုမရှိဘဲ၊ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ အောင်စိတ်ကိုမွေးပြီး ရဲရဲဝံ့ဝံ့ ဆက်လက်တိုက်ပွဲဝင်ပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်” ဟု ၎င်းကပြောသည်။
ထိုသို့စည်းလုံးညီညွှတ်စွာ တော်လှန်တိုက်ပွဲဝင်ခြင်းကြောင့် အောင်မြင်မှုရသည့်အခါတွင်လည်း ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရက ပြည်သူများကို ပြန်လည်ကျေးဇူးတုန့်ပြန်သွားမည့်အပြင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေကြသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်အောင်လည်း ကြိုးစားလုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။
ထို့ပြင် အကြမ်းမဖက် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု့ CDM ကြောင့် စစ်အာဏာရှင်တို့ အထိနာနေပြီဖြစ်သည့်တွက် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအနေဖြင့် အောင်ပွဲရသည့်အထိ ဆက်လက် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံပန်ကြားထားသည်။
“စစ်အာဏာရှင်များပြုတ်ကျပြီး နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားသစ်ကို CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့တဲ့ ဝန်ထမ်းများကိုအခြေခံပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန် ကတိသစ္စာပြုထားသော်လည်း ကတိသစ္စာပြုထားသည့်အတိုင်း လိုက်နာမှုမရှိဘဲ ပြည်သူများကို သတ်ဖြတ်၊ ညှဉ်းပန်း၊ နှိပ်စက်နေသည့် ရဲတပ်ဖွဲ့နှင့် စစ်တပ်ကိုလည်း ပြည်သူများအပေါ် သစ္စာရှိသည့်သူများဖြင့် ပြန်လည်ဖွဲ့စည်းတည်ဆောက်သွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ပြောသည်။
စစ်အာဏာရှင်၏ လက်ပါးစေများက အကြမ်းဖက်မှုများကို ဥပဒေမဲ့ နေ့စဉ်ရက်ဆက် နည်းမျိုးစုံ လုပ်ဆောင်နေသည့်အတွက် လုံခြုံမှုမရှိတော့ပဲ ကျီးလန့်စာစားနေရသည့်ဘဝမှ ပြည်သူများလွတ်မြောက်ရန် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းပေါင်းစုံနှင့် ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ဆိုသည်။
ထို့အပြင် စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျရေးအတွက်လည်းကောင်း၊ စစ်အာဏာရှင်တို့၏ တရားမဲ့ပြုကျင့်မှုများကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ ပြည်သူများအတွက်လည်းကောင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်သဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ဝန်ထမ်းများအတွက်လည်းကောင်း၊ စစ်အာဏာရှင်တို့မှ တိုင်းရင်းသားကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်၍ ထွက်ပြေးတိမ်းရှောင်နေရသော တိုင်းရင်းသားပြည်သူများအတွက်လည်းကောင်း အကူအညီများရရှိရန် ပြည်တွင်း/ပြည်ပရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံအစိုးရများနှင့် ဆက်သွယ်၍ ကြိုးစားဆောင်ရွက်နေပြီဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ထုတ်ပြန်ကြေညာပြီး နှစ်ပတ်ကျော်အကြာတွင် CRPH မှ ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ဧပြီ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ထိုအစိုးရအဖွဲ့တွင် နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်၊ ဒုတိယသမ္မတအဖြစ် ဒူဝါလရှီးလ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ကြေညာပြီး နောက်တစ်ရက် ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၎င်း၏ ပထမဦးဆုံး နှစ်သစ်အဖွင့်မိန့်ခွန်းပြောဆိုရာတွင် အထက်ပါအကြောင်းအရာများကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။