စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် စေတီဆိပ်ကျေးရွာအနီးတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)နှင့် စစ်ကောင်စီလက်အောက်ခံ ခလရ ၃၀၉ ကလေးတပ်တို့ ဧပြီလ ၁၄ ရက်နေ့ နေ့ခင်း ၂ နာရီခန့်အချိန်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။
” ကျွန်တော်တို့နယ်မြေထဲကို စစ်ကြောင်းဝင်လာတာ သတင်းရလို့ သွားတားဆီးရင်းဖြစ်တာ။ တပ်ဘက်က ခုနှစ်ယောက်ထိတယ်လို့တော့သိရတယ် ။ အကျအဆုံးတော့ အတိအကျမသိရဘူး ။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက် အကျအဆုံး တစ်ယောက်မှ မရှိဘူး ။”ဟု SNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းထွန်းက ပြောကြားသည် ။
ထိုတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ခလရ ၃၀၉ တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး ကျရူံးပြီး ဒုဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး အပါအဝင် အပြင်းအထန် ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည် ။ အဆိုပါဖြစ်စဥ်တွင် စေတီဆိပ်ကျေးရွာသား အရပ်သားကားမောင်းသူ တစ်ဦးလည်း ကားပေါ်မှ ခုန်ချရင်း မတော်တဆမူကြောင့် အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုဆိုသည် ။
”အဓိကတော့ အဲ့နယ်မြေတစ်ကြောမှာ အမြဲတမ်း သူတို့ စစ်ကားနဲ့လာတာမရှိဘူး ။ အရပ်သား ကားတွေနဲ့ပဲ ဆင့်ခေါ်ပြီးတော့လာတာပဲရှိတယ် ။ မောင်းတဲ့လူတွေကလည်း အရပ်သားတွေပဲ ။ သူတို့သွားချင်တဲ့နေရာကို အရပ်သားတွေကို ဆင့်ခေါ်ပြီး ပို့ခိုင်းတာ ။ ” ဟု ဗိုလ်မှူးကြီး စိုင်းထွန်းက ပြောကြားသည်။
ဧပြီလ ၁ ရက်နေ့ကလည်း နံ့သာကျေးရွာဘက်သို့ ကားဖြင့်ဝင်ရောက်လာသော စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့ကိုလည်း SNA အဖွဲ့မှ သွားရောက် တားဆီးခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည် ။
” သတင်းအရ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ တက်သွားတယ်ဆိုပြီး သတင်းပို့လာတော့ ဘယ်လက်နက်ကိုင်အဖွဲ့လည်း မသိဘူး။ ကျွန်တော်တို့ SNA နယ်မြေထဲမှာ လက်နက်ကိုင်ဝင်လာတာဆိုတော့ သွားပြီးမှ တားဆီးပိတ်ဆို့ရင်းနဲ့ ဖြစ်သွားတာပေါ့ ။ စစ်ဆေးကြည့်လိုက်တော့မှရဲကားဖြစ်နေတယ် ။ ဆယ်ဇင်းနားက ရွှေပြည်မြင့်ရဲစခန်းက ရဲတွေ ဖြစ်နေတယ် ။ အရပ်ဝတ်တွေနဲ့ လက်နက်တော့ပါတယ် ။ လစာထုတ်ပြီးတော့မှ ပြန်လာတာလို့ပြောတယ် ။ လစာထုတ်ပြီးတော့မှ သူတို့စခန်းကို ပြန်တာပေါ့ ။ ဒါပေမယ့် ဟိုဘက်က သတင်းပို့လာတာတော့ အမည်မသိ လက်နက်ကိုင်အဖွဲ့ ကားနဲ့ဝင်လာတာပေါ့ ။ ဝင်လာတဲ့ပုံကလည်း လက်နက်တွေပါတယ် ။ ဝတ်ထားတာက အရပ်ဝတ်နဲ့ဆိုတော့ ကျတော်တို့ SNA က သွားလို့ တားဆီးရင်း အဲ့လို ဖြစ်တာလေ ။ လက်နက်ကိုင် အဖွဲ့တွေ ကျွန်တော်တို့ထဲဝင်လာရင် တားဆီးဖို့က ကျွန်တော်တို့မှာ တာဝန်ရှိတယ်လေ။ ” ဟု ဒုဗိုလ်မှူးကြီး စိုင်းထွန်းက ဆက်လက်ပြောကြားသည် ။
အဆိုပါ ဖြစ်စဥ်များကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယင်းဒေသများသို့ တိုးမြှင့်ချထားလာနေကြောင်းလည်း သိရသည် ။ ရှမ်းနီအမျိုးသားများတပ်မတော် SNA အနေဖြင့် လက်ရှိနိူင်ငံရေးဖြစ်စဥ်များကို စောင့်ကြည့်နေပြီး လက်တလောတွင် အမျိုးသားကာကွယ်ရေးအတွက်ကိုသာ ဦးစားပေးထားကြောင်းလည်း သိရသည် ။
Photo _ Shanni Nationalities Army Facebook Page