မိုးညှင်းမြို့တွင်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ဒီကနေ့ (ဧပြီ ၁၉ ရက်) မနက်ပိုင်းက ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ နှစ်ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အဆိုပါ သပိတ်စစ်ကြောင်းတွင် ရှေ့ဆုံးမှ အလံကိုင်သူအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သတင်းပေးသူရှိတယ်ထင်တယ်။ အိမ်စီးကားနဲ့ လာဖမ်းတာ။ အရင်ဖမ်းစီးမှုတွေတုန်းကလည်း အိမ်စီးကားနဲ့ အရပ်၀တ်တွေနဲ့လာဖမ်းတာ” ဟု အဆိုပါသပိတ်စစ်ကြောင်းတွင် ပါ၀င်သူတစ်ဦးက ပြောသည်။
မိုးညှင်းမြို့တွင်း နေရာအချို့တွင်လည်း စစ်တပ်နှင့်ရဲများက လမ်းသွားလမ်းလာများကို တားဆီးကာ လက်ကိုင်ဖုန်းများစစ်ဆေးနေပြီး လဘက်ရည်ဆိုင်များအတွင်းသို့ ၀င်ရောက်ရှာဖွေမှုတွေပြုလုပ်ကြောင်း သိရသည်။
မိုးညှင်းမြို့တွင် ယနေ့အချိန်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။