စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ်တို့အကြား ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွား

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် စစ်ကောင်စီတပ်တို့အကြား ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွား

စစ်တပ်မှ နိုင်ငံတော်အရေးပေါ်ကာလသတ်မှတ်ခဲ့ပြီး စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် စေတီဆိပ်ကျေးရွာအနီးတွင် ပထမဆုံးအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၄ ရက်နေ့ နေ့ခင်း ၂ နာရီခန့်အချိန်တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ခလရ ၃၀၉ ကလေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ခလရ ၃၀၉ တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးကျရူံးပြီး ဒု-ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးအပါအဝင် အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။

"ကျွန်တော်တို့နယ်မြေထဲကို စစ်ကြောင်းဝင်လာတာ သတင်းရလို့ သွားတားဆီးရင်းဖြစ်တာ။ တပ်ဘက်က ခုနှစ်ယောက်ထိတယ်လို့တော့သိရတယ်။ အကျအဆုံးတော့ အတိအကျမသိရဘူး။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်အကျအဆုံး တစ်ယောက်မှမရှိဘူး အဓိကတော့ အဲ့နယ်မြေတစ်ကြောမှာ အမြဲတမ်း သူတို့စစ်ကားနဲ့လာတာမရှိဘူး အရပ်သားကားတွေနဲ့ပဲ ဆင့်ခေါ်ပြီးတော့လာတာပဲရှိတယ်။ မောင်းတဲ့လူတွေကလည်း အရပ်သားတွေပဲ သူတို့သွားချင်တဲ့နေရာကို အရပ်သားတွေကိုဆင့်ခေါ်ပြီး ပို့ခိုင်းတာ" ဟု SNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းထွန်းက ပြောကြားသည်။

အဆိုပါဖြစ်တိုက်ပွဲဖြစ်ပွားမှုကြောင့် စေတီဆိပ်ကျေးရွာသား အရပ်သားကားမောင်းသူတစ်ဦးလည်း ကားပေါ်မှခုန်ချရင်း မတော်တဆမူကြောင့် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ဧပြီလ ၁ ရက်နေ့ကလည်း နံ့သာကျေးရွာဘက်သို့ ရွှေပြည်မြင့်ရဲစခန်းမှ လစာထုတ်ပြီးအပြန် ကားဖြင့်ဝင်ရောက်လာသော ရဲတပ်ဖွဲ့ဝင်အချို့ကိုလည်း SNA အဖွဲ့မှ သွားရောက်တားဆီးခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

"အရပ်ဝတ်တွေနဲ့ လက်နက်တော့ပါတယ်။ လစာထုတ်ပြီးတော့မှ ပြန်လာတာလို့ပြောတယ်။ လစာထုတ်ပြီးတော့မှ သူတို့စခန်းကို ပြန်တာပေါ့။ ဒါပေမယ့် ဟိုဘက်က သတင်းပို့လာတာတော့ အမည်မသိ လက်နက်ကိုင်အဖွဲ့ ကားနဲ့ဝင်လာတာပေါ့။ ဝင်လာတဲ့ပုံကလည်း လက်နက်တွေပါတယ်။ ဝတ်ထားတာက အရပ်ဝတ်နဲ့ဆိုတော့ ကျတော်တို့ SNA က သွားတားဆီးရင်း အဲ့လိုဖြစ်တာလေ။ လက်နက်ကိုင်အဖွဲ့တွေ ကျွန်တော်တို့ထဲဝင်လာရင် တားဆီးဖို့က ကျွန်တော်တို့မှာ တာဝန်ရှိတယ်လေ" ဟု ဒု-ဗိုလ်မှူးကြီးစိုင်းထွန်းက ဆက်လက်ပြောကြားသည်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် စစ်တပ် တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိဖြစ်ပွားခဲ့သောတိုက်ပွဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး နောက်ထပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လာမည်ကို ဒေသခံများကစိုးရိမ်နေကြကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...