စစ်အာဏာရှင်ကို ကန့်ကွက်ဆန္ဒပြနေကြသည့်ပြည်သူများ အရေးတော်ပုံကာလအတွင်း ငွေရေးကြေးရေးအခက်အခဲ ကြုံတွေ့နေကြသည့်အတွက် ချေးငွေပြန်ဆပ်နိုင်ရန် အခက်အခဲရှိနေကြသည်ဟု သိရသည်။
ပြည်သူများခက်ခဲနေသလို CDM ပြုလုပ်သည့် ဝန်ထမ်းအချို့လည်း လစာမရသည့်အတွက်ကြောင့် အစိုးရမဟုတ်သည့် ပုဂ္ဂလိကချေးငွေလုပ်ငန်းများတွင် ချေးယူထားသည့်ငွေများကို ပြန်ဆပ်ရန် အခက်အခဲရှိနေကြသည့်အတွက် ချေးငွေပြန်ဆပ်ရန်အတွက် ခေတ္တရပ်ဆိုင်းထားပေးရန် ပြည်သူများက လိုလားနေကြသည်။
လက်ရှိအချိန်ကာလတွင် လုပ်ငန်းလည်ပတ်မှုမရှိခြင်း၊ CDM ဝန်ထမ်းများ လစာမရခြင်း၊ ငွေရေးကြေးရေးကြပ်တည်းကြသည့်အပြင် စားဝတ်နေရေးမပြေလည်မှုများကြောင့် ချေးငွေပြန်ဆပ်ရန် ခက်ခဲနေခြင်းဖြစ်သည်ဟု CDM ဝန်ထမ်းတစ်ဦးက ပြောပါသည်။
"ကျမတို့ ချေးငွေယူထားတာတော့ရှိတယ် အဲ့ဒီချေးငွေတွေကလည်း သူတို့က အခုက မဆိုင်းငံ့ထားပေးတဲ့အခါကျတော့ အကုန်လုံး ဒုက္ခရောက်နေတယ်။ ဆန်တောင်မှ ဝယ်စားဖို့ အဆင်မပြေဘူးဖြစ်နေတယ်။ ဘယ်လိုပြောမလဲဆိုရင် လစာငွေကလည်း မရတဲ့အတွက်ကြောင့်မလို့ပေါနော်။ အခုလိုဖြစ်နေတဲ့အချိန်မှာ သူတို့က ငွေကိုလာသွင်းဖို့ တစ်ချိန်လုံးပြောနေတဲ့အခါကျတော့ အင်မတန်မှ ဒုက္ခရောက်ပါတယ်" ဟု ပြောပါသည်။
ကယားပြည်နယ်တွင်း ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုကလည်း အကြောင်းအမျိုးမျိုးကြောင့် ချေးငွေများ ပြန်လည်ပေးသွင်းခြင်းကို လုံးဝရပ်ဆိုင်းထားရန်အဆင်မပြေကြောင်း၊ လက်ရှိအကြပ်အတည်းကာလတွင် ငွေအရင်းကိုမဆပ်နိုင်သော်လည်း ငွေအတိုးကိုသာ ပေးသွင်းရန်လိုအပ်ကြောင်း ပြောဆိုထားသည်။
"ကျမတို့ရုံးတွေအနေနဲ့ကလည်း လက်ရှိအချိန်မှာ ပိုက်ဆံတွေကို ပြန်ထုတ်ပေးနေရတာတွေလည်း ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ ဘဏ်တွေကလည်းပိတ်ထားတော့ ပြန်လာပေးသွင်းတဲ့ငွေတွေနဲ့ပဲ ကျမတို့က ပြန်လည်ပတ်ရတာပေါ့။ ဒါပေမယ့် လုံးဝအဆင်မပြေတဲ့သူတွေကျတော့ လုံးဝရပ်နားပေးလိုက်တာမျိုးမဟုတ်ပဲ စာချုပ်အသစ်ပြန်ချုပ်ပြီးတော့မှ အတိုးပဲသွင်းပေါ့နော်။ အတိုးတွေဆိုရင် တစ်လကို ထောင်ဂဏန်းလောက်ပဲကျတယ်လေ။ ကျမတို့ ပုံမှန်အတိုးနဲ့အရင်း ပြန်ပေးခိုင်းတဲ့အခါကျတော့ သူတို့အတွက် များတယ်ပေါ့နော်။ အခုလို အဆင်မပြေတဲ့အချိန်မှာ လုံးဝရပ်နားပေးဖို့တော့ အဆင်မပြေဘူး၊ ဒါပေမယ့် အတိုးပဲကောက်ပြီးတော့မှ ဆက်လုပ်သွားပေးတယ်ပေါ့။ သူတို့အတွက် အဆင်ပြေအောင်ဆိုပြီး ညှိပေးတယ်" ဟု ပုဂ္ဂလိကချေးငွေလုပ်ငန်းတစ်ခုမှ အမည်မဖော်လိုသူ ဝန်ထမ်းတဦးကဆိုပါသည်။
အခြေခံလူတန်းစားများ၏ ဘဝမြှင့်တင်ရေးအတွက် ချေးငွေလုပ်ငန်းများလုပ်ဆောင်နေကြသည့် ကယားပြည်နယ်အတွင်းက အချို့သော ပုဂ္ဂလိကချေးငွေလုပ်ငန်းများကလည်း ချေးငွေပြန်လည်ပေးသွင်းခြင်းကို လုံးဝရပ်နားထားခြင်းမဟုတ်ပဲ အတိုးကိုသာ ပြန်လည်ပေးသွင်းရန် ညွန်ကြားထားသည်ဟု သိရသည်။