မော်လမြိုင်မြို့မှ ဖမ်းဆီးခံရသူများ ရှေ့နေနှင့် အချိန်လုံလောက်စွာ တွေ့ဆုံဆွေးနွေးခွင့်မပြု

မော်လမြိုင်မြို့မှ ဖမ်းဆီးခံရသူများ ရှေ့နေနှင့် အချိန်လုံလောက်စွာ တွေ့ဆုံဆွေးနွေးခွင့်မပြု
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ် မော်လမြိုင်တို့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သူအချို့ အဖမ်းခံခဲ့ရပြီး အဖမ်းခံရသူများအနေဖြင့် ကျိုက်မရောအကျဉ်းထောင် သီးသန့်တရားရုံးတွင် တရားရင်ဆိုင်နေသည့် ကာလအတွင်း ၎င်းတို့ရှေ့နေနှင့် ခုနစ်မိနစ်သာ စကားပြောခွင့်ရခဲ့ကြောင်း သိရသည်။

 

ကျိုက်မရောအကျဉ်းထောင်တွင် ဆန္ဒထုတ်ဖော်သူများအပြင်၊ နေအိမ်းအတွင်း အဖမ်းခံရသူများပါဝင်ပြီး အများစုမှာ ပုဒ်မ ၅၀၅ ဖြင့်အကျဉ်းထောင်သီးသန့် တရားရုံး၌ တရားရင်ဆိုင်နေရကြောင်း သိရသည်။

 

“အမှုသည်နှင့် ရှေ့နေတွေ့ဆုံခွင့်ကို အမှုသည်က ပြည့်ပြည့်ဝဝ ပြောဆိုပြီးတော့မှ ညွှန်ကြားနိုင်ဖို့အတွက် အချိန်လုံလုံလောက်လောက်ပေးသင့်တယ်လို့ ထင်တယ်။ ပုံမှန်အားဖြင့် ဒီကိစ္စတွေမတိုင်ခင်မှာ စွတ်စွဲခံရသူ ဘက်ကနေ အမှုသည်တစ်ဦးကို အနည်းဆုံး ၁၅ မိနစ် အချိန်ယူပြီးတော့ ဆွေးနွေးမေးမြန်းတယ်။ အမှုတစ်ခုမှာ အမှုသည်ကို ရှေ့နေတွေ့ဆုံခွင့်က တစ်ကြိမ်ထက်မကရ ရမယ် အဲလိုမျိုးတွေရှိတာပေါ့” ဟု လိုက်ပါဆောင် ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။

 

အဖမ်းခံထားရသူ လူဦးရေ ၈၀ ဦးခန့်တွင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ (၅၀၅) ဖြင့် ၆၀ ဦးခန့်က တရားရင်ဆိုင်နေရပြီး ဖမ်းဆီးခံရသည့် အချိန်မှ ယခုချိန်အထိ သက်ဆိုင်ရာမိသားစုဝင်များ၊ အုပ်ထိန်းသူများဖြင့် တွေ့ခွင့် မရကြောင်းဆိုသည်။

 

“ဆန္ဒပြ ဖြစ်စဉ်နှင့် ပတ်သက်ပြီးတော့ ဖမ်းဆီးခံထိတဲ့သူတွေ၊ နေအိမ်မှာ အမည်နှင့်တကွ သွားရောက်ပြီးတော့ ဖမ်းဆီးခံရတဲ့ သူတွေကို အမှုလိုက်ပါဆောင်ရွက်တဲ့ အချိန်မှာ တွေ့ဆုံခွင့် မရဘူး။ ရဲစခန်းမှာ သူတို့ စစ်ဆေးမေးမြန်းနေစဉ်မှာလည်း တွေ့ဆုံခွင့် မရခဲ့ဘူး အကျဉ်းထောင်မှာ ယမန်ကာလ ဖမ်းဆီးထိန်းသိမ်းထား စဉ်ကာလအတွင်းမှာလည်း တွေ့ခွင့်မရခဲ့ဘူး” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

 

မော်လမြိုင်မြို့တွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုမှာ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၈ ရက် ဈေးကြိုအဝိုင်းတွင် အဖမ်းခံရသူ ၄၀ ဦး၊ ကွင်းရပ်ရပ်ကွက် မတ် ၃ ရက်တွင် အဖမ်းခံရသူ ၁၈ ဦး၊ မတ် ၂၅ ရက် ဒိုင်းဝန်ကွင်းသပိတ်တွင် အဖမ်းခံရသူ ၂၀ရှိခဲ့ကြောင်း သိရသည်။

 

မွန်ပြည်နယ် အာဏာရှင်ဆန့်ကျင်သည့် နွေးဦးတော်လှန်ရေး လှုပ်ရှာမှုများတွင် ကျဆုံးသူ ခုနစ်ဦးအထိရှိပြီး အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးငယ်များလည်း ပါဝင်ကြောင်းသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...