အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ALD ပါတီဝင် ကိုကျော်ကျော်လင်းအပါအဝင် သုံးဦး၏အမှု ဧပြီ ၈ ရက်သို့ ထပ်မံရုံးချိန်း

အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ALD ပါတီဝင် ကိုကျော်ကျော်လင်းအပါအဝင် သုံးဦး၏အမှု ဧပြီ ၈ ရက်သို့ ထပ်မံရုံးချိန်း
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ ကိုကျော်ကျော်လင်းအပါအဝင် သုံး၏အမှုကို မတ် ၅ ရက်က ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးခဲ့ခြင်းမရှိဘဲ ဧပြီ ၈ ရက်သို့ ထပ်မံရုံးချိန်း လိုက်ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဥပဒေအရာရှိမရှိကြောင်း အကြောင်းပြချက်ဖြင့် ရုံးချိန်းထပ်မံချိန်းဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား video conferencing ဖြင့် ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ကာ ယခုရုံးချိန်းသည် သုံးကြိမ်မြောက် ရုံးချိန်းဖြစ်ကြောင်းနှင့် ထိုအမှုနှင့်ပတ်သက်၍ ယနေ့အချိန်ထိ တရားလိုဖြစ်သူ တောင်ကုတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒု-ဦးစီး ဦးမောင်ထွီးခိုင် တစ်ဦးတည်းကိုသာ စစ်ဆေးရသေးကာ တရားလိုပြသက်သေငါးဦးအား စစ်ဆေးရန်ကျန်သေးကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

“ ကျွန်တော်တို့ တရားလိုကိုတော့ စစ်ပြီးပြီ။ လိုပြသက်သေက ၆ ယောက်ပါတဲ့အတွက် နောက်ထပ် ၅ ယောက် စစ်ဆေးဖို့ ကျန်သေးတယ်။ လိုပြသက်သေတွေကတော့ နယ်ထိန်းခေါင်းဆောင်ပါတယ်။ နောက် ရဲတပ်ကြပ်တို့ ရဲတပ်သားတို့ ပါတယ်” ဟ၎င်းက ပြောသည်။

အာဏာရှင်စနစ်အား မကြိုက်ကြောင်း ဆန္ဒပြ၍ ဖမ်းဆီးခံရခြင်းသည် မတရား ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ် (ALD) ပါတီ တွဲဖက်အတွင်းရေးမှူး ကိုအောင်မင်းနိုင်က ပြောသည်။

“ကျွန်တော်တို့က အာဏာရှင်စနစ်ကို မကြိုက်ဘူး။ လူ့အခွင့်အရေးလည်း ဆုံးရှုံးတယ်။ ပြည်သူလူထုရဲ့ အခွင့်အာဏာ ရပိုင်ခွင့်တွေလည်း ဆုံးရှုံးတယ်။ အဲဒါကို ဆန့်ကျင်လို့ ဖမ်းသွားတာကိုတော့ ကျွန်တော်တို့ မတရားဖမ်းသွားတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

၄င်းတို့သည် ပြီးခဲ့သော ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက အာဏာရှင်စနစ်အား ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသူများမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အဖွဲ့မှ ကိုကျော်ကျော်လင်းနှင့် တောင်ကုတ်မြို့ရှိ ကိုမင်းလှိုင်ထွန်း (ခ) သားသားကြီး၊ ကိုဇာနည်ထူးထူးတို့ဖြစ်ကြသည်။

ဖမ်းဆီးခံရပြီးနောက် သူတို့အား တောင်ကုတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုဦးစီး ဦးမောင်ထွီးခိုင်က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ (ALD) ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်သည်လည်း CDM လုပ်ရှားမှု၌ ပါဝင်ခဲ့သဖြင့် ပြီးခဲ့သော မတ် ၁၀ ရက်က ဖမ်းဝရမ်း ထုတ်ခံရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...